Tuesday, August 13, 2013
မျဉ်းပြိုင်နှစ်ကြောင်း၏ ဆုံမှတ်
        မောင့်ကိုစွန့်ခွာဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ မောင် မပါဝင်ပဲ ခရီးလမ်း တစ်ခုကို မသွားတတ်သလောက် ဖြစ်နေမိတယ်။ ဆုံးဖြတ်ချက် တစ်စုံတစ်ခုချဖို့ ကြိုးစားတိုင်း မောင့်ကို တိုင်ပင်တတ်တာလည်း ကျွန်မရဲ့အကျင့်ဖြစ်နေခဲ့ပြီ။ မောင်ပြောသမျှစကားလုံးတိုင်းကို ခေါင်းညိတ်ထောက် ခံဖို့၊ ဆုံးမတာမှန်သမျှကို လိုက်လံပြုပြင်ဖို့ ကျွန်မ အဆင်သင့်ဖြစ်နေခဲ့မိ တယ်။
        သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ကို ကျောခိုင်းသွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် မောင့်ကို ကျွန်မပိုင်ဆိုင်ဖို့လည်း မျှော် လင့်မထားပြန် ဘူး။ ဒါဆိုရင် ကျွန်မဘာကြောင့် မောင့်ကိုချစ်ရသလဲလို့ မေး ကြတယ်။ ကျွန်မအတွက်တော့ အဖြေကအဆင်သင့်ပါ။
        လူတစ်ယောက်ကို လက်ထပ်ခွင့် မရှိတာနဲ့ မချစ်ရတော့ဘူးလား။ လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာကို သိပေမယ့် အရှုံးကိုပဲ မက်မောစွာ ကျွန်မ ဖက်တွယ်ခဲ့တယ်။ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကို သီးခြားစီ ကျွန်မ မြင်တတ်ခဲ့ပါတယ်။ ပုထုဇဉ်လူသားတစ်ယောက်မို့ ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တော့ ရချင်မိ တာပေါ့။ ဒါပေမယ့် မသေချာတဲ့ မျှော်လင့်ချက်တစ်ခုကို ကျွန်မ စောင့်ဆိုင်းမနေချင်ဘူး။
         မောင့်ကိုမချစ်ဖို့ ကျွန်မဦးနှောက်ကဆုံးဖြတ်ခဲ့ပေမယ့် ဒီအဆုံးအဖြတ်ကို နှလုံးသားက လက်မခံခဲ့ ဘူး။ နှလုံးသားနဲ့  ဦးနှောက်လွန်ဆွဲအားပြိုင်မှုမှာ ကျွန်မ နှလုံးသားအလိုကို ဆင်ခြင်မှုကင်းမဲ့စွာနဲ့ မျက်စိ မှိတ်လိုက်နာခဲ့မိတယ်။ မို့မို့လွင်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ မိုးမြင့်ကျော်လို့ခေါ်တဲ့မောင့်ကို ရူးမိုက်စွာနဲ့ ချစ်ခဲ့မိတယ်။
         မောင့်ကို အတန်းထဲမှာတွေ့နေရပေမယ့် အမှတ်ထင်ထင် သတိထားခဲ့မိခြင်း မရှိခဲ့ပါဘူး။ ကျွန်မ ဘ၀ထဲကို မောင် စတင်ဝင်ရောက်လာတာကတော့ ကျွန်မတို့ ရူပဗေဒအသင်းရဲ့ အာစရိယပူဇော်ပွဲနေ့ ကပေါ့။ ကျောင်းသူကျောင်းသားတွေစုံချိန်လောက်မှ ကျွန်မရောက်လာတာမို့ နောက်ဖက်မှာပဲ ၀င်ထိုင် လိုက်မိတယ်။ ဆရာတွေရဲ့သြ၀ါဒစကားတွေကို နားထောင်ပြီး၊ ဆရာ ဆရာမတို့ ကို ပူဇော်ကန်တော့ခြင်း အစီအစဉ်အပြီးမှာ ထူးခြားမှုကို ကျွန်မ သတိထားလိုက်မိတယ်။ ကျွန်မကို အံ့သြသလိုစိုက်ကြည့်နေတဲ့ သူ့ ကို တွေ့လိုက်ရတာကြောင့်ပဲ။ စင်မြင့်ပေါ်မှကျောင်းသူကျောင်းသားတွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ စနေပြီ။ အဲဒီအချိန်မှာပဲ ကျွန်မ အနားကို မောင် ရောက်လာခဲ့တယ်။
         “သူက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား။”
         “မဟုတ်ဘူး။ ကျွန်မက ခရစ်ယာန်ပါ။”
         “ဒါကြောင့်မို့ စောစောက သူများတွေ ကန်တော့နေချိန်မှာ သူ ခေါင်းငုံ့ပြီး ထိုင်နေတာကိုး”
         “ကျွန်တော့နာမည် မိုးမြင့်ကျော်ပါ။ ကျွန်တော်တို့ အတန်းတူတူပဲနော်၊ သူ့နာမည်ရော”
         “မို့မို့လွင်ပါ”
       ကျွန်မစကားအဆုံးမှာ ပြောစရာစကားမရှိတော့သလို သူငြိမ်သွားတယ်။ နောက်တော့ သူကပဲ စတင်နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တယ်။ ကျွန်မတို့ကတော့ သူ ပြန်သွားပြီး အတော်ကြာမှ ပြန်ဖြစ်ခဲ့တယ်။ အဲဒီအချိန်ထိ သူ့ကို သာမန်သိရုံထက် မပိုခဲ့ဘူး။ နောက်နှစ်ရက်အကြာမှာတော့ ကျွန်မသူငယ်ချင်း ယဉ်ယဉ်ညိုက ကျွန်မကို စာအိတ်တစ်လုံးလာပေးတယ်။ ဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်မကို အဝေးက ဆွဲရိုက်ထားမှန်း သိသာစေသော ပုံအတော်များများကို တွေ့ရတယ်။ မုန့်စား နေတဲ့ပုံ၊ စကားပြောနေပုံ၊ ရယ်နေပုံ၊ ဆံပင်ရှည်တွေကို သပ်တင်နေပုံစတဲ့ပုံတွေကို ဆယ်ပုံထက်မနည်း တွေ့ရတယ်။ ဒီပုံတွေကို ဘယ်သူရိုက်ထားပါလိမ့်။ ကျွန်မကို ရိုက်ထားမှန်း တစ်ပုံမှ ကျွန်မ မသိဘူး။ သူငယ်ချင်းယဉ်ယဉ်ညို ကို မေးကြည့် တဲ့အခါ
        “အဲဒါ မို့မို့အတွက် ကိုမိုးမြင့်ကျော်ပေးလိုက်တာ။ အားလုံး သူရိုက်ထားတာပဲ။ မို့မို့ကို သူ စိတ်ဝင် စားနေတာကြာပြီတဲ့။ သူ့အဖေ က ကုမ္ပဏီပိုင်ရှင်။ သူ့အမေက ရွှေဆိုင်ဖွင့်ထားတယ်။ တစ်ဦးတည်းသော သူဌေးသား၊ အရမ်းကိုရိုးအေးတယ်။ ရည်းစား တစ်ယောက်မှ မထားဖူးသေးဘူး။ ကဲ ဘာသိချင်သေးလဲ။”
       “ဟာ ညိုကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ ငါကဖြင့် သူ့ကို တစ်ခါပဲ စကားပြောဖူးသေးတာ”
        “ဒါကတော့ ရှင့်ဘက်ကလေ၊ ဟိုဘက်ကတော့ သေချာနေပြီ”
        ထိုနေ့က သူနဲ့ပတ်သက်ပြီး ညိုနဲ့စကားငြင်းခုန်ရင်း အချိန်ကုန်ခဲ့တယ်။ သူနဲ့တွေ့တော့ ဘာမှမဖြစ် သလို သူ့ဟန်ကြောင့် ကျွန်မ အနည်းငယ် စိတ်အေးသွားမိတယ်။ မရိုးသားတဲ့စကား တစ်ခွန်းမှမပြောပေ မယ့် သူ့ရဲ့မျက်ဝန်းအကြည့်တွေကတော့ သူရဲ့မရိုးသားမှု ကို ဖော်ပြနေတယ်။ နောက်ပိုင်းမှာ သူဟာ ကျွန်မတို့သူငယ်ချင်းတွေကြားမှာတင် အချိန်ကုန်ခဲ့တယ်။ ကျွန်မကိုလည်း အရိပ်တကြည့်ကြည့်နဲ့ အားလုံး ကသတိထားမိလောက်အောင် ဂရုစိုက်ခဲ့တယ်။ ကျွန်မရဲ့သူငယ်ချင်းတွေ အားလုံးကလည်း ကျွန်မတို့ကို အတွဲတစ်တွဲအဖြစ် စနောက်နေကြပြီ။
         အဲဒီအချိန်မှာ ကျွန်မရဲ့ သူ့အပေါ်ခင်တွယ်မှုကို ဆင်ခြင်ဖို့သင့်ပြီလို့ တွေးမိတယ်။ ကျွန်မတို့ အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ သူငယ်ချင်းဘ၀ ခင်မင်မှုကို ဘယ်သူမှတားဆီးကြမှာ မဟုတ်ပေမယ့် ရာသက်ပန်ဘ၀လက်တွဲဖော်အဖြစ် ရည်ရွယ်မယ်ဆိုရင်တော့ မိဘအသိုင်းအ၀န်းကို ထည့်ပြီး မစဉ်းစားလို့ ဘယ်ဖြစ်မလဲ။ ကျွန်မ သူ့ကိုရှောင်ဖို့ ကြိုးစားခဲ့တယ်။
         ကျွန်မ ကျောင်းမတက်ဘဲနေရင် စိုးရိမ်တကြီးဖုန်းဆက်ပြီးမေးတတ်တဲ့ သူရဲ့ ကရုဏာလွှမ်းနေတဲ့ အသံ၊ ကျောင်းမှာတွေ့ရဲ့နဲ့ မခေါ်ပဲနေရင် နေမကောင်းလို့လားရယ်လို့ စိုးရိမ်တကြီးမေးတတ်တဲ့ သူရဲ့ စကားသံတွေအောက်မှာ ကျွန်မရဲ့ ကြိုးစားချက်တွေ အရည်ပျော်တော့မယ်။ သူ ဖွင့်ပြောလာမှာ ကို ကြောက်နေမိတယ်။ အဆိုးရွားဆုံးကတော့ ကျွန်မ သူ့ကိုရှောင်နေမှန်း ကျွန်မရဲ့သူငယ်ချင်းညိုကို သူ အတင်းမေးလို့ သိသွားခြင်းပါပဲ။ နောက် နေ့မှာပဲ ကျွန်မနဲ့ နှစ်ယောက်ထဲတွေ့ခွင့်ရအောင် သူ ကြိုးစားခဲ့တယ်။ နောက်ပြီး ကျွန်မ အကြောက်ဆုံးသောစကားကို ဖွင့်ပြောလာခဲ့တယ်။ သူ့ကို စိတ်ချမ်းသာစေချင်ပေမယ့် ပြန်ချစ်ဖို့မဖြစ်နိုင်တာကို သူသိအောင် ပြောပြဖို့ ကျွန်မ အားမွေးရတော့မယ်။
        “မို့၊ မို့ကို မောင်ချစ်တယ်။ နောက်ပြီး လက်ထပ်ချင်တယ်။”
         မောင်လို့  သူ့ကိုယ်သူပြောနေသူကိုကြည့်ပြီး ကျွန်မ ဘာပြောရမှန်းမသိဘူး။ ရင်ခုန်သံတို့ကို ဥပေက္ခာပြုရင်း မပြောထွက်တဲ့စကားတို့ကို တစ်လုံးချင်း ပြောရတော့မယ်။
         “မဖြစ်နိုင်ပါဘူး ကိုမိုးမြင့်ကျော်ရယ်။ မို့တို့ရဲ့အခြေအနေတွေကို ကိုမိုးမြင့်ကျော်လည်းသိသားပဲ။ ဆက်စပ်လို့မရနိုင်တဲ့ ဘာသာမတူခြင်း ဆိုတဲ့ ခြားနားခြင်းအလွှာခြားထားတယ်လေ။ ဒါကိုသိရက်နဲ့ရှေ့ ဆက်တိုးရင် နှစ်ယောက်စလုံးပဲ စိတ်ညစ်ရမှာပေါ့။”
        “မဟုတ်ပါဘူး မို့။ ဒါတွေဟာ ကိုယ်တို့အချင်းချင်း နားလည်မှု ရှိရင် ညှိယူလို့ရတဲ့ အရာတွေပဲ။”
        “ပြုပြင်ညှိနှိုင်းယူရတယ်ဆိုကတည်းက နဂိုအကောင်းအတိုင်း ဘယ်ဖြစ်နိုင်ပါတော့မလဲ။ တစ်နေ့နေ့ မှာ အဲဒီညှိနှိုင်းမှု ဟာ ပြဿနာတွေဖြစ် လာနိုင်တယ်လေ။ နောက်ပြီး တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို စွန့်ရမယ်။ မို့ကိုယ်တိုင်လည်း မို့မိဘအသိုင်း အ၀ိုင်းကို မစွန့်ရက် မစွန့်ဝံ့သလို ကိုမိုးမြင့်ကျော်ကိုလည်း စွန့်ပစ်ပါလို့ မတိုက်တွန်းချင်ဘူး။ မို့ အတ္တမကြီးချင်ပါဘူး။ တရားမျှတတာကိုပဲ လိုချင်ပါတယ်။”
         “မို့ရယ်”
        သူ ဘာမှထပ်မပြောတော့ပဲ ကျွန်မလက်ကို ဆုပ်ကိုင်လာတယ်။ ကျွန်မကို စိုက်ကြည့်နေတဲ့ သူ့ မျက်ဝန်းထဲမှာ မျက်ရည်ကြည်တစ်ချို့ကိုတွေ့ ရ တယ်။ သူ့မျက်ဝန်းအကြည့်နဲ့အဆုံမှာပဲ ကျွန်မရင်ထဲက သံယောဇဉ်စကားတစ်ခွန်းမိုက်မဲစွာပဲ ပွင့်ထွက်သွားခဲ့တယ်။
        “အားလုံးထဲမှာ သံယောဇဉ်အရှိဆုံးလို့သာ မှတ်ယူထားလိုက်ပါမောင်”
        ကျွန်မ စကားအဆုံးမှာပဲ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ငိုရှိုက်လိုက်တော့တယ်။ ကျွန်မရဲ့ ဆံပင်တွေ ကို နှစ်သိမ့်သလို သပ်တင်ပေးနေတဲ့ သူ့ရဲ့ လက်အစုံတုန်ယင်နေတာကိုလည်း ကျွန်မ သိနေပြန်တယ်။ တချိန်ထဲမှာပဲ သူ့ကိုဘယ်လောက်ချစ်မိသွားပြီ လဲဆိုတာ ကိုယ့်ဘာသာကိုယ်မှန်းလို့ ရလိုက်တယ်။ မရည် ရွယ်ပဲ တစ်ယောက်ရင်ထဲကအချစ်ကို တစ်ယောက် မြင်တွေ့သွားခဲ့ပြီ။
        ကျွန်မ မောင့်ကိုတစ်ကြိမ်တစ်ခါမှ မချစ်ဖူးသေးတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုးချစ်သွားမိပြီ။ နောက်ပိုင်းမှာ ကျွန်မတို့ဟာ အရင်က ထက်ပိုပြီး တစ်ဦးကိုတစ်ဦးနားလည်ခဲ့ကြသလို သံယောဇဉ်ပိုတွယ်လာမိ တယ်။ မောင့်ကို အရင်လို သူငယ်ချင်းတွေအဖြစ် ပြန်နေကြ ရအောင်လို့ ပြောခဲ့ပေမယ့် မနေဖြစ်ခဲ့ပါဘူး။ မနက်ကျောင်းသွားရင် ကျွန်မကို ၀င်ခေါ်ပြီးမှသွားတတ်သလို ညနေကျောင်းဆင်းရင်လည်း သွားချင်တာ လိုက်ပို့ပြီးမှ အိမ်ပြန်စမြဲပါပဲ။ တနင်္ဂနွေနေ့ညနေ ကျွန်မဘုရားကျောင်းတက်တဲ့အခါ လိုက်ပါရစေလို့ဆို ပြီး မောင် လိုက်လာလေ့ရှိတယ်။ ကျွန်မအနားမှာထိုင်ပြီး ကျွန်မဆုတောင်းသလို လိုက်ဆုတောင်းတတ် တယ်။ သူ့ မွေးနေ့တွေ၊ နေ့ကြီးရက်ကြီးတွေ ဆိုရင် လည်း မောင်က ကျွန်မကိုပါဘုရားခေါ်သွားတတ်တယ်။
       သူ့ မွေးနေ့ကြာသပတေးထောင့်မှာ မောင်ဘုရားရှိခိုးတော့ အနားမှာထိုင်ပြီး စောင့်ပေးနေမိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မ စဉ်းစားမိတယ်။ မောင့်အနားမှာ ကျွန်မ မဟုတ်ပဲ မောင်နဲ့အတူယှဉ်တွဲပြီး ဘုရားရှိခိုးနေတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ယောင်ကြည့်တယ်။ ဒါဆိုရင် သိပ်ကိုလိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်သွားမှာပါ။ ဘုရား သွားကျောင်းတက်ဆိုတဲ့စကား အဓိပ္ပါယ်ပြည့်စုံသွား မှာပေါ့။ မောင်လည်း ကြည်နူးပီတိဖြစ်ရမှာပေါ့။ ကျွန်မနဲ့သာဆိုရင် ဒီလိုကြည်နူးစရာအကြောင်း ဖြစ်လာနိုင်စရာမရှိဘူး။
       မောင်နှမ၅ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မဟာ မိသားစုအတွက် စံပြဖြစ်ရမယ်လေ။ ဒီစိတ် ဓါတ်ကို ကျွန်မစွဲမြဲစွာ လက်ခံထားတယ်။ ကျွန်မရဲ့ မိဘအသိုင်းအ၀ိုင်းကို စွန့်ပစ်ဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး။ အလားတူပဲ မောင့်ကိုလည်း သားမိုက် မဖြစ်စေချင်ဘူး။ ဘာသာရေးကိုင်းရှိုင်းတဲ့ မောင့်မိဘတွေအကြောင်း ကိုလည်း ကျွန်မသိခဲ့တယ်။ ဒီတော့ ကျွန်မတို့ မှာ ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတယ်။ မောင်နဲ့ ချစ်နေ ရက်နဲ့ ကျွန်မ မောင့်ကိုစွန့်ခွာဖို့ ကြိုးစားခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ဘူး။ အဲဒီလို တစ်ကြိမ်တစ်ခါ ကြိုးစား လိုက်တိုင်း ကျွန်မ မောင့်အပေါ် ထင်ထားတာထက် ပိုချစ်မှန်းသိလာရတယ်။ ကျွန်မ နာကျင်ထိခိုက်ခံစား ရတယ်။
         ကျွန်မတို့ဘ၀ကို စတင် အလှည့်အပြောင်းဖြစ်လာစေတာကတော့ မောင့်ကို သူ့အိမ်က လက်ထပ်ဖို့ စီစဉ်ခြင်းပါပဲ။ မောင်လက်မခံပဲ အကြိမ်ကြိမ်ငြင်း နေတဲ့ကြားထဲက မောင်နဲ့ မချိုချိုဦးဆိုတဲ့ အမျိုးသမီး တို့ရဲ့ စေ့စပ်ကြောင်းလမ်းပြီးစီးခြင်းသတင်း သတင်းစာထဲ ပါလာခဲ့တယ်။ သတင်းစာထဲမှာ တွေ့လိုက်ရတဲ့ ခဏမှာ ကျွန်မမျက်စိတို့ ပြာနှမ်းသွားတယ်။ သွေးပူနေချိန်မှာတော့ ကျွန်မကို အသိမပေးပဲ မောင် လုပ်ရက်လေခြင်းလို့ နာကျည်းမိပေမယ့် တကယ်တမ်း ခေါင်းအေးအေးနဲ့ ပြန်တွေးကြည့်တဲ့အခါ ဒါဟာ အဖြစ်သင့်ဆုံးလို့ နားလည်လာမိတယ်။
        အဲဒီနေ့ရဲ့ညနေမှာပဲ သတင်းစာကိုင်ရင်း မောင် အပြေးအလွှားရောက်လာတယ်။ မနက်ထဲက သူငယ်ချင်းတွေနဲ့ ပဲခူးသွားနေ တာမို့ အခုပြန်လာမှ သူများပြောပြလို့သိရတာတဲ့။ ဒီကိစ္စ သူ့ဆန္ဒမပါဘူးလို့ ရှင်းပြတယ်။ မောင့်မျက်နှာဟာ မကြာခင်မှာ မိုးရွာချတော့မယ့် ကောင်းကင်လို ညိုမှိုင်းနေတယ်။
        မောင့်စကားကို ကျွန်မ ယုံကြည်ပါတယ်လေ။ အမြဲတမ်းယုံကြည်နေကျ၊ မောင်ဆုံးမတာ မှန်သမျှ ကျေနပ်စွာ ခံယူနေကြပဲ မဟုတ်လား။ မောင်က ကျွန်မကို ဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး။ သူ့နောက်ကို လိုက်ခဲ့ပါတော့တဲ့။ ကျွန်မ ဘာပြောရမှန်းမသိ တွေဝေသွားမိတယ်။ ယောင်ယမ်းပြီး မောင့် စကားကို လက်ခံမိတော့မလို့ပဲ။ ဒါပေမယ့် ဒီအချိန်မှာ မောင် သိပ်သွေးပူနေတယ်။ ဘာပြောပြော အလွယ် တကူ လက်ခံမဲ့ပုံစံမရှိဘူး။ မနက်ဖြန်ညနေ ဆုံနေကျ အင်းလျားကန်စောင်းက တံတားဖြူမှတ်တိုင် မှာ စောင့်နေပါလို့ မှာလိုက်တယ်။
       “မောင့်နောက်ကို တစ်ခါထဲလိုက်ဖို့  ပြင်ဆင်လာနော်။ ပြင်ဆင်လာဆိုတာ ရွှေ၊ ငွေပစ္စည်း ယူလာ ဖို့  ပြောတာ မဟုတ်ဘူး။ စိတ်ဓါတ်ကို မောင့်နောက်လိုက်ဖို့  ပြင်ဆင်လာလို့ပြောတာ။ မနက်ဖြန် ညနေလေးနာရီတိတိ မောင် စောင့်နေမယ်။”
        စကားဆုံးတာနဲ့ မောင် လှည့်ထွက်သွားတော့တယ်။ မောင့်ရဲ့စကားသံဟာ ကျွန်မရဲ့ဆုံးဖြတ် ချက်တွေကို ရိုက်ချိုးနေသလိုပဲ။ ဆုံးဖြတ်ချက် တစ်ခုခုကို ကျွန်မ ချရတော့မယ်။
                                       XXXXXXXXXXXXXXXXXXXXXXXXXXXXX
        ညနေခင်းဆည်းဆာအလှဟာ အင်းလျားကန်စောင်းမှာ ထုံးစံအတိုင်း လှပမြဲလှပနေတယ်။ ညနေ သုံးနာရီခွဲမှာ တံတားဖြူ မှတ်တိုင်မှာ ကားအပြာလေးတစ်စီးဆိုက်လာပြီး လူငယ်တစ်ယောက် ဆင်းလာတာ ကို တွေ့ရတယ်။ သူ့ပုံစံက ဟိုကြည့်၊ ဒီကြည့်နဲ့  ဂနာမငြိမ်စွာ သူ့ကို ဟိုအဝေးတစ်နေရာက လူတစ်ဦးစောင့်ကြည့်နေတာကို သူ မသိပေ။ လေးနာရီတိတိမှာ သူ့ကိုစောင့်ကြည့်နေသော သူက တစ်ဖက်လမ်းရှိ ကားဆီကူးလာပြီး သူ့ဆီ မောင်းထွက်လာခဲ့ပါတယ်။ သူ့ရှေ့အရောက်မှာတော့ သူဟာ ဒီကားနံပါတ်ကို မှတ်မိသလို မျက်လုံးတွေ အရောင်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။ ကားပေါ်က လူတစ်ဦးဆင်းလာပြီး သူ့ကို စာတစ်စောင်ကမ်းပေး တယ်။ သူတုန်ယင်စွာနဲ့ စာကိုဖွင့်ဖတ်လိုက်တဲ့အခါ မို့မို့လွင်ရဲ့ လှပတဲ့လက်ရေးလေးတွေကို တွေ့လိုက်ရတယ်။
မောင်
အခုစာလာပေးသူဟာ မို့နဲ့ အိမ်ကလက်ထပ်ပေးမဲ့ ကိုရစ်ချတ်ပါ။
သူနဲ့ မို့ မကြာခင်လက်ထပ်ကြတော့မယ်။
မောင်လည်း မချိုချိုဦးကို လက်ထပ် လိုက်ပါ။
မို့နဲ့ မောင်ဟာ တကယ်တော့ မဖြစ်နိုင်မှန်းသိတဲ့ အလုပ်တစ်ခုကို ပြိုင်တူလုပ်ခဲ့ကြတယ်လေ။
ဒီတော့ရလာတဲ့ အကျိုးဆက်ကိုလည်း ရင်ဆိုင်နိုင်ဖို့ အင်အားမွေးရမှာပေါ့။
တကယ်တော့ မို့နဲ့မောင်ဟာ မျဉ်းပြိုင်နှစ်ကြောင်းပါ။
ဘယ်လောက်ပဲ နီးကပ်စွာတည်ရှိနေပါစေ၊ သူတို့နှစ်ခုဟာ အမြဲပြိုင်လျှက်သာ ရှိပါတယ်။
မျဉ်းပြိုင်နှစ်ကြောင်းမှာ ဆုံဆည်းမှတ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။
ဒီလိုပဲ မို့နဲ့မောင်ရဲ့ဘ၀မှာလည်း အတူတကွ ပေါင်းဖက်ဆုံဆည်းဖို့ ကံမပါလာခဲ့ဘူးလို့ပဲ ယူဆလိုက် ပါတော့။
မို့ ဆုတောင်းခဲ့ပါတယ်။
ဖြစ်လေရာဘ၀တိုင်းမှာ မောင်နဲ့ပေါင်းရပါစေလို့ ....
မောင့်ကို သိပ်ချစ်တယ်။
မို့
        စာအဆုံးမှာ သူမျက်ရည်ဝိုင်းလာမိတယ်။ စာလာပေးတဲ့သူက မို့ခရီးထွက်သွားပြီ။ လိုက်မရှာပါနဲ့လို့ မှာခဲ့ပါတယ်တဲ့။ စာရဲံ့  နောက်ဆုံးစာကြောင်းမှာ မောင့်ကို သိပ်ချစ်တယ်ဆိုတဲ့စာကြောင်းကို နီရဲတဲ့သွေး နဲ့ ရေးထားတာကို တွေ့ရတယ်။ မို့ရဲ့အချစ်ကို သူ နားလည်ပြီးသားပါ။
        “မို့ကို ဒီစာအုပ်လေးပေးပေးပါ ကိုရစ်ချက်။ နောက်ပြီး မို့ကိုလည်း စာနာနားလည်စွာနဲ့ တစ်သက် လုံး စောင့်ရှောက်သွားပါနော်။ ကျွန်တော် သွားတော့မယ်။”
       နားမလည်သလိုကြည့်နေတဲ့ ကိုရစ်ချက်ကိုကျောခိုင်းပြီး သူ ထွက်ခဲ့တယ်။ စာအုပ်ကလေးနှင့်အတူ သူ့ရဲ့နှလုံးသားကိုပါ မို့ လက်ထဲအပ်ခဲ့ပါပြီ။ ကြိုက်သလို စီရင်နိုင်ပါတယ်။ သူ ကြေကွဲစွာပဲရေရွတ်လိုက် တယ်။
       “မို့မို့ နင်ဘာတွေလျှောက်လုပ်နေတာလဲ။ ငါ ဘာတစ်ခုမှနားမလည်နိုင်တော့ဘူး။ ရော့ နင့်အတွက် ဒီစာအုပ်လေး သူ ပေးခဲ့တယ်။”
        ကိုရစ်ချက်လက်ထဲမှ သော့ခတ်၍ရသောဒိုင်ယာရီစာအုပ်ကလေးကို လှမ်းယူလိုက်မိတယ်။ ဒီစာအုပ်လေးက မောင့်မွေးနေ့ လက်ဆောင်အဖြစ် ကျွန်မ ၀ယ်ပေးခဲ့တာပါ။ ဒီစာအုပ်ကလေး မှာ သော့နှစ်ချောင်းရှိတယ်။ မောင်နဲ့ကျွန်မ တစ်ယောက်တစ်ချောင်းစီ ခွဲယူထားခဲ့ကြတယ်။ အဲဒီအထဲမှာ ကျွန်မတို့နှစ်ဦးရဲ့ သီးသန့်ခံစားချက်လေးတွေပဲ ရေးထားတာလေ။ ရေးချင်ရင် ယူရေးပြီး ရေးစရာမရှိ ရင် မောင့်ကို ကျွန်မက ပြန်ပေးထားတတ်တယ်။ အခုဒီစာအုပ်က သော့တစ်ချောင်းနဲ့အတူ ကျွန်မရဲ့လက် ထဲရောက်နေပြီ။
        သော့နှစ်ချောင်းကိုပေါင်းရင်း စာအုပ်ကလေးကို နောက်ဆုံးအနေနဲ့ စူးနစ်စွာ အကြာကြီး စိုက် ကြည့်နေမိတယ်။ ကျွန်မရဲ့လက်အမြှောက်မှာပဲ ဒိုင်ယာရီစာအုပ်ကလေးဟာ အင်းလျားရေပြင်မှတဆင့် ရေ ထဲရောက်သွားပြီး မကြာခင်မှာပဲ နစ်မြုပ်သွားတော့တယ်။ ကျွန်မစိတ်တို့ကို တင်းမထားနိုင်တော့ပဲ ငိုကြွေး လိုက်မိပါတယ်။
        ကျွန်မ မောင့်ကို မတွေ့ရဲလို့ မောင့်ကိုတွေ့ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေ ယိုင်လဲသွားမှာစိုး လို့၊ မောင့်ကို နောက်ဆုံးအနေနဲ့ နှုတ်မဆက်ချင်လို့၊ လာမတွေ့ခဲ့တာကို မောင် နားလည်ပေးလိုက် ပါတော့။ သော့ခတ်ထားတဲ့ ဒိုင်ယာရီစာအုပ်ကလေးလိုပဲ ကျွန်မ ရဲ့နှလုံးသားကို သော့ခတ်သိမ်းဆည်းပြီး ဖွင့်လို့ရတဲ့သော့ကို ဖျက်ဆီးလိုက်ပါပြီ။ ဘယ်သော့နဲ့မှ ဖွင့်လို့ ပွင့်နိုင်မှာ မဟုတ်တော့ပါဘူး။
        နားမလည်သလို ငေးကြည့်နေတဲ့ သူငယ်ချင်းရစ်ချက်ကိုလည်း ရှင်းပြနိုင်စွမ်းအား ကျွန်မမှာ မရှိသေး ပါ။ တစ်နေ့နေ့ မှာတော့ သူ ကျွန်မကို နားလည်လာပါလိမ့်မယ်။ မျက်စိအကြည့်က လက်ကောက်ဝတ်မှ ပလာစတာဆီရောက်သွားမိတယ်။ မနေ့က တစ်နေ့လုံး ကျွန်မ ဆောက်တည်ရာမရ ကြေကွဲနေမိ တယ်။ မောင့်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီးချိန်မှာ ကျွန်မရဲ့ အသည်းနှလုံးဟာလည်း စာကြည့် စားပွဲအောက်မှာ ထွန်းထားတဲ့ခြင်ဆေးခွေလိုပဲ တမြေ့မြေ့ လောင်ကျွမ်းသွားခဲ့ပြီ။
        မောင့်ဆီကိုစာရေးအပြီး ကတ်ကြေးချွန်ချွန်နဲ့ ကျွန်မရဲ့လက်ကို စိတ်လိုက်မာန်ပါ ထိုးလိုက်ရင်းကျ လာတဲ့ သွေးစက်တွေနဲ့ ‘မောင့်ကိုချစ် တယ်’ လို့ ရူးမိုက်စွာနဲ့ စာအဆုံးမှာ ရေးလိုက်မိတယ်။
        အခုတော့ အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပြီ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ကျွန်မ ဦးစားပေးရွေး ချယ်ခဲ့ပြီ။ ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာ နာကျင်အက်ကွဲနေတဲ့ ကျွန်မတို့ရဲ့  နှလုံးသားတွေကို လမ်းခင်း ရင်း၊ မပျက်ပြယ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ရင်မှာ သိုဝှက်သိမ်းဆည်းထားရင်း၊ မိဘ အသိုင်းအ၀ိုင်းတွေ ရဲ့ ပျော်ရွှင်မှုအတွက် ကိုယ့်ရဲ့ မျက်ရည်တွေကို ပေးဆပ်ရင်း မောင်နှင့် ကျွန်မတို့နှစ်ယောက်ဟာ ဆုံမှတ် မရှိသော မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်နဲ့သာ . . . . .။
မေဇူး
၁၉၉၉ ခုနှစ်၊ မေလ၊ အပျိုစင်မဂ္ဂဇင်း
၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ Job Journal Volume No. (38)
Sunday, April 14, 2013
မတူညီသော ရင်ပူခြင်း
       အို  ........ နေတောင် အတော်စောင်းသွားပါပေါ့လား။ လိမ္မော်ရောင်ဖန့် ဖန့်  နေလုံးကြီးဟာ တလက် လက် ထနေတဲ့ ပင်လယ်ရေ မျက်နှာပြင် ပြာလဲ့လဲ့နဲ့  ထိစပ်နေရာကနေ တဖြည်းဖြည်းနဲ့  ရေထဲကို ငုပ်လျှိုး သွားခဲ့ပြီ။ ဒီ မြင်ကွင်းတွေဟာ နေ့ စဉ် မြင်တွေ့  နေကျ ကျုပ်တို့ လို ပင်လယ်သားတွေ အတွက် မထူးဆန်း လှပေမဲ့ ဒီ ကမ်းခြေကို လာရောက် လည်ပတ်ကြသူတွေကတော့ ဒီရှုခင်းကို နှစ်သက် ငေးမော ကျလေရဲ့။ မနက် နေ ထွက်တာ၊ ညနေ နေ၀င်တာ။ ပင်လယ်ရေကို ချိုးတာ၊ ပင်လယ်လေကို အားပါးတရ ရှုရှိုက်ရတာ ကျုပ်တို့ အတွက် မထူးဆန်းပေမဲ့ မွန်းကျပ်တဲ့ မြို့ ပြမှာ နေထိုင် လုပ်ကိုင်နေရတဲ့ လူတွေအတွက် ကတော့ ဒါဟာ အပန်းဖြေခြင်းဆိုတဲ့ အရသာ တစ်ပါးပဲရယ်လို့  မြို့ က ပြန်လာတဲ့ ကျောင်းဆရာလေးက ကျုပ်တို့ ကို ပြောပြ တယ်။
       ဒုက္ခပါပဲနော်။ ဒီလိုနဲ့  တဖြည်းဖြည်း မိုးချုပ်လာတယ်။ ကျုပ်ကို ကဏန်းဟင်းချက်ပေးပါလို့  ပြောတဲ့ စုံတွဲလေး ၂ယောက် ရဲ့ အရိပ်အယောင်တောင် မမြင်ရပါလား။ သူတို့ လာနိုးနဲ့  လှည့်လှည့် ကြည့်ရလွန်းလို့  ကျုပ် ခေါင်းတောင် ညောင်းလှပြီ။ ဟိုး အတွင်းဘက် အခန်းတွေဆီက ထွက်လာတဲ့သူတွေကို တွေ့ တိုင်း သူတို့ ၂ယောက် များလားရယ်လို့  မျှော်ကြည့်ရတာ ကျုပ် လည်ပင်းတောင် ညောင်ရေအိုး ဖြစ်လောက်ပြီ။
     ခါတိုင်း ဒီအချိန်ဆို သူတို့  လင်မယား ၂ယောက် ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင်ပြီးလို့  လမ်းလျှောက် ထွက် တတ်ပြီ။ ပြန်သွား တာတော့ မဖြစ်နိုင်သေးပါဘူး။ နေ့ လယ် ၂နာရီကမှ ဘေးအိမ်က ကဏန်းတွေ ရလာလို့  လာပြတာ။ အကောင်ကြီးတွေ ကောင်းလွန်းလို့  သူတို့ ကို စားမလား လာမေးတော့
    “ယူမယ်။ ချဉ်စပ် ချက်ပေးပါ”
    ဆိုတာနဲ့  ခုညနေစာ ချက်ပြီး လာပို့ ပေးရတာ။ ဈေးမဆစ်ပဲနဲ့  ငါးထောင်ဖိုး ချက်ခိုင်းတာမို့  ကဏန်းဖိုး သုံးထောင့်ငါးရာ ပေးပြီးရင် ကျုပ်အတွက် တစ်ထောင့်ငါးရာတောင် ကျန်မှာလေ။ ဒါကြောင့်ကျုပ်လည်း စေ တနာပိုပိုနဲ့  ဆီမျာများနဲ့ ချဉ်စပ် လေး စပါယ်ရှယ် ချက်ပေးထားတာ အနံ့ လေးကို မွှေးလို့ ။
       ဘာလို့ များ နောက်ကျနေရတာပါလိမ့် နော်။ ခါတိုင်းလည်း သူတို့ အတွက် ညနေစာကို ကျုပ်ချက်ပြီး ပို့ ပေးနေတာ ဒီနေ့  နဲ့  ဆိုရင် ၃ ရက် ရှိပြီ။ တစ်ခါမှ အမှားအယွင်း မရှိခဲ့ဘူး။ ခက်တာက ကျုပ်တို့ လို ကမ်းခြေက ဈေးသည်တွေက ဟိုတယ်ဝင်း ထဲပြီး ဈေးရောင်းခွင့် မရှိဘူးလေ။ ဒါကြောင့် ရေကူးဖို့ ၊ လမ်းလျှောက်ဖို့  ထွက်လာတဲ့သူတွေကိုပဲ စောင့်ပြီး ဈေးရောင်းရ၊ ထမင်းချက်ပေးမယ် လိုက်ပြောရတာ။
       တကယ်လို့  ကိုယ့်ဆီက စားမယ်ဆိုရင် အခန်းနံပါတ် မေးထား၊ သူတို့ ရဲ့ မျက်နှာလေးတွေကို အလွတ် ရအောင် ကြည့်ထား၊ ပြီးရင် ကမန်းကတန်း အိမ်ပြန် ချက်ပြုတ်၊ ကျက်ပြီဆိုရင် ဆွဲခြင်းထဲမှာ ထမင်း ပန်း ကန် ပြား၊ ဇွန်း၊ ခက်ရင်း၊ လက်သုတ်ပုဝါ၊ ဟင်းခွက်တွေ ထည့်ပြီး သယ်လာ၊ ပြီးတော့ သူတို့ ရဲ့ အရိပ် အယောင်လေး တွေ မြင်ရင် ကမန်းကတန်း လိုက်ပေး၊ သူတို့  စားသောက်နေတုံး သောင်ပြင်မှာ ထိုင်စောင့်၊ ပြီးချိန်လောက်မှ သွားပြန်သိမ်းရင်း ပိုက်ဆံ ယူရတာလေ။
          တချို့ ကျတော့လည်း ဟင်းပဲ ချက်ခိုင်းတတ်တာ။ ဒါဆိုရင် ဖော့ဘူးလေးထဲ ဟင်းထည့်ယူသွားပြီး ဟင်းဘူး ပေးရုံပဲ။ တချို့  ကျတော့လည်း စားမကောင်းဘူးဆိုပြီး ဈေးလျှော့ပေးတာတို့ ၊ မယူတော့ဘူး တို့ လုပ်ရင် ကျုပ်တို့ မှာ စိတ်မောရတယ်။ ဒီ လင်မယားလေး ကျတော့ ချေးမများဘူး။ ကျုပ်ချက်လာတဲ့ ဟင်းကို ကောင်း လိုက်တာ ဆိုပြီး စားတာပဲ။ ဒါကြောင့်မို့ ကျုပ်မှာ သူတို့ အတွက် စေတနာ ပိုပြီး ကောင်းအောင် ချက်ပေး ဖြစ်တယ်။
        အင်း .. ဟင်းတွေ အေးကုန်တော့မှာပဲ။ ဘာလို့ များ မလာကြသေးပါလိမ့်။ နေလုံးကွယ်လို့  အမှောင်တောင် ပျိုးလာပြီ။ ကျုပ်ရင်ထဲမှာတော့ ပူလောင်စပြုလာပြီ။ ဘေးအိမ်ကို ပြန်ပေးရမဲ့ ကဏန်းဖိုး သုံးထောင့် ငါးရာရယ်၊ ကျုပ် ပြန်လာမှ ဆန် ၀င်ဝယ်ရမှာမို့ ထမင်းချက်ဖို့  စောင့်နေမယ်ဆိုတဲ့  သမီးရဲ့ မှာသံ၊ ပန်းနာ ရင်ကျပ်ရောဂါ ပြန်ထလာလို့  ပင်လယ်ထဲ မဆင်းနိုင် တာ တစ်ပါတ်ရှိပြီ ဖြစ်တဲ့ ကျုပ်ယောကျာ်းရဲ့ မျက်နှာ၊ ကျုပ် အတွေး တွေက ယောက်ယတ်ခတ်လို့  နေလေရဲ့။ ဒီအချိန်ကျမှ ကျုပ် ဟင်းကို လိုက်ရောင်းတော့ရော ဘယ်သူက ၀ယ်တော့မှာလဲ။
        အို ဘာပဲ ဖြစ်ဖြစ်လေ။ မောင်းထုတ်ခံရခါမှ နေရော၊ ကျုပ် ဟိုတယ်ဝင်းထဲ ခိုးဝင်တော့မယ်။ ပတ်ဝန်း ကျင်ကို အကဲခတ် ကြည့်လိုက်တော့ ကျုပ် ရပ်နေတဲ့နားမှာ ဘယ်သူမှ ရှိမနေဘူး။ ဒါနဲ့ ကျုပ်လည်း အရဲ စွန့် ပြီး သူတို့ အခန်းလို့  သိထားတဲ့ နေရာဘက်ကို လျှောက်ခဲ့တယ်။ လှမ်းလို့  ၁၀လှမ်းတောင် မပြည့်သေးဘူး။
      “အမေကြီး ဒါ ဘယ်သွားမလို့ လဲ။”
      ကျုပ်ရဲ့ နောက်ကျောဆီက ပေါ်လာတဲ့ အသံကြောင့် လန့် ပြီး ခြင်းတောင်းတောင် လွတ်ကျတော့မလို့ ။ လှည့်ကြည့်လိုက် တော့ ဟတိုတယ် ၀န်ထမ်းတစ်ယောက်။ ကြောက်ရွံ မိပေမဲ့ မထူးတော့တာမို့
     “အမေကြီးကို ဟင်းမှာထားတဲ့ လင်မယားနှစ်ယောက်ကို လာရှာတာပါကွယ်။ ဒီဝင်းထဲကို ဈေးသည်မ၀င် ရဘူးလေ။ မန်နေဂျာ သိရင် အဖမ်းခံရလိမ့်မယ်။”
     “မလုပ်ပါနဲ့  သားရယ်။ အမေ့မှာ ကဏန်းဖိုး သုံးထောင့် ငါးရာ ဆုံးမှာ စိုးလို့ သာ အရဲစွန့်  ၀င်လာတာပါ။ အခန်းနံပါတ် ၁၅ က လင်မယား ၂ယောက်ကို သိလားဟင်”
      “ကောင်မလေးက ဆံပင် အရှည်ကြီးနဲ့  ခပ်ငယ်ငယ် ၂ယောက် မဟုတ်လား။ သူတို့  ညနေကပဲ ပြန်သွား ကြပြီ။”
       “အို .. ဘယ်လို ဖြစ်တာလဲကွယ်။ သူတို့ က ဒီမှာ တစ်ပတ်လောက် နေမယ် ဆိုတော့ အမေလည်း စိတ်ချပြီး ……..”
      ကျုပ် စကား မဆက်နိုင်တော့ပါဘူး။ ရင်ထဲမှာလည်း ပူလောင်လာပါတယ်။
      “ဟုတ်တယ်။ သူတို့ က တစ်ပတ်လောက် အေးအေးဆေးဆေး နေမယ် ပြောထားတာ။ ဟန်းနီးမွန်း ထွက်လာကြတာတဲ့။ ဒါပေမဲ့  မမျှော်လင့်ပဲ ပြသနာ ပေါ်လာတော့ ………….”
      “ဘာ ပြသနာများ ဖြစ်လို့ လည်း သားရယ်”
     “ဟို .. ဒါက သူများ ကိုယ်ရေးကိုယ်တာ ဆိုတော့ … အင်းလေ. အမေ့ကိုတော့ ပြောပြပါ့မယ်။ သူတို့  ၂ယောက်က အသက်လည်း ငယ်၊ ချောလည်း ချော၊ တစ်ယောက်နဲ့  တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ ပုံစံ ရှိုတော့ အားလုံးက အားကျ ငေးမော နေကြတာလေ။ ဒီနေ့  ညနေ ၃နာရီလောက်မှာ သူတို့ နောက်ကို မိန်းမကြီး တစ်ယောက် လိုက်လာတယ်။ ဧည့်ကြို ကောင်တာမှာ သူတို့ နှစ်ယောက် နာမည်နဲ့  အခန်း စုံစမ်းပြီးလိုက်လာတာဆိုတော့ ကျွန်တော်တို့ လည်း ပထမတော့ သူတို့  အိမ် တစ်အိမ်က လူကြီး လိုက်လာတယ် ထင်တာပေါ့။ တကယ်တမ်းမှာတော့ …………………. ”
   “တကယ်တမ်းမှာတော့ ဘာဖြစ်လဲ ပြောပါအုံး”
    ကျုပ်ရဲ့ သောကကိုတောင် မေ့ပြီး သူတို့ အတွက် စိတ်ပူ သွားမိတယ်။
      “တကယ်တမ်းကျတော့ အဲဒီ မိန်းမကြီးဟာ ကောင်လေးရဲ့ မယားကြီးတဲ့ အမေရဲ့။ ပိုက်ဆံ ကတော့ တော်တော် ချမ်းသာပုံ ရတယ်။ ဒါပေမဲ့  အသက်ကြီးကြီး ရုပ်ဆိုးဆိုးပါ အမေရာ။ ကောင်မလေး ကိုလည်း ဆဲရေး တိုင်းထွာလိုက်တာ မိုးမွှန်နေတာ ပဲ ။ ကောင်မလေးမှာ ပါးရိုက်လည်း ခံရ၊ လူကြားထဲမှာ အရှက်ခွဲလည်း ခံရဆိုတော့ ဘာလုပ်ရမှန်းမသိပဲ ငိုလိုက်တာ အရမ်းပဲ။ သနားဖို့ တောင် ကောင်း တယ်။ ကောင်လေးကို ပြန်လိုက်ဖို့  အတင်းခေါ်တော့ ရန်ကုန် ရောက်မှ စာရင်းရှင်းမယ် ဆိုပြီး ကောင်လေး နဲ့ ကောင်မလေးက ကားတစ်စီး၊ မိန်းမကြီးက ကားတစ်စီး ပြန်သွားကြတာပဲ။ သူတို့ ပြောတဲ့ စကားအရ ဆိုရင် ကောင်မလေးက ဘာမှ မသိရှာဘူး။ ကောင်လေးကို လူပျို ထင်ပြီး လက်ထပ်ခဲ့တာဆိုပဲ။ ကောင် မလေး သနားပါတယ် အမေရယ်။ သူ့ မှာ အသက်လေး ငယ်ငယ်၊ ရုပ်ကလေး သနားကမားနဲ့  အငယ် အနှောင်း ဖြစ်ရရှာတယ်။ ကဲ . . ကဲ အမေလည်း ပြန်တော့။ အမေ့ဟင်းကို သူတို့ လည်း မစားနိုင်တော့ဘူး။ ကျွန်တော်လည်း သွားတော့မယ်။ မန်နေဂျာ တွေ့ ရင် အဆူခံရ လိမ့်မယ် ပြန်ထွက်တော့နော်”
      ကျုပ်ရှေ့ က ကောင်လေး ထွက်သွားချိန်မှာ ကျုပ် ရင်ထဲမှာ ပူလောင်ပြီး ကျန်ရစ်ခဲ့ပါတာပါပဲ။ အဲဒါဟာ ကဏန်းဖိုး သုံးထောင့်ငါးရာ ဆုံးလို့  ရင်ပူခြင်လား။ ကောင်မလေးရဲ့ အကြောင်းကို ကြားလိုက်ရလို့  ရင်ပူခြင်းလား။ ကျုပ်ကိုယ်တိုင် တောင် မခွဲခြားတတ်တော့ပါဘူး။
မေဇူး
2003 ခုနှစ်၊ စက်တင်ဘာလ၊ မဟေသီ မဂ္ဂဇင်း
လွင့်မျောတွယ်ငြိ သင်္ကြန်ဝိဥာဉ်
    သင်္ကြန်ဆိုတာ တို့ ဘ၀အတွက် ဘယ်လိုမှမေ့ထားလို့ မရတဲ့ ကာလအပိုင်းအစတစ်ခုပါပဲ။ သင်္ကြန်နီးပြီ ဆိုတာနဲ့ တို့ ရဲ့  ရင်ခုန်သံတွေ ကြိုတင်နွေးထွေးနေတတ်တာ ဟိုးငယ်စဉ်ထဲကပဲ။ မနက်ဖြန်သင်္ကြန် ဆိုရင် ဒီနေ့ ညကထဲက အိပ်မပျော်တော့ပဲ ဘယ်အချိန်မိုးလင်းပါ့ မလဲ လို့  နာရီထထကြည့်တဲ့အထိရူးသွပ်ခဲ့တာ။ မိုးလင်းတာနဲ့  အိမ်ထဲလူ အကုန်ကို ဦးဦးဖျားဖျား ရေလောင်းရမှ ကျေနပ်တတ်တာ။
        သင်္ကြန်ချစ်တဲ့တို့ အတွက် သင်္ကြန်ကို ပိုလို့ အမှတ်ရစေမဲ့ အဖြစ်အပျက်တွေ တိုက်ဆိုင်စွာပဲ ဖြစ်ပျက် ခဲ့တယ်နော်။ အချစ် ဆိုတဲ့အရာကို နားလည်အောင်သင်ကြားပေးခဲ့တဲ့ တို့ ရဲ့ ချစ်သူကို သင်္ကြန်ရေတွေ စိုရွှဲနေတဲ့ သင်္ကြန်အကျနေ့ မှာ စတင်သိကျွမ်းခွင့် ရခဲ့တယ်။ သင်္ကြန် မဏ္ဍပ်ဆောက်ထားတဲ့ သူငယ်ချင်း ဇာခြည်တို့ အိမ် မှာ နေ့ တိုင်းရေလာပက်တဲ့ တို့ နှင့် ဇာခြည့်အကိုရဲ့ သူငယ်ချင်း သူနှင့် သင်္ကြန် ရက်တွေ အတွင်းမှာ အတူaရကစားကြရင်း ရင်းနှီး ခဲ့ကြတယ်။
        တိုက်ဆိုင်မှုကတော့ ကျောင်းတွေပြန်ဖွင့်ချိန်မှာတို့ နှစ်ယောက် လုံး တက္ကသိုလ်တစ်ခုထဲ မှာ မေဂျာတူ တက်ရတာပါပဲ။ တို့ ထက် အသက်ကြီးပေမဲ့ သူကနိုင်ငံခြားကအဒေါ်ဆီမှာ ၃နှစ်လောက်သွားနေ ခဲ့တော့ အခုမှတို့ တွေနဲ့  အတူ ပထမနှစ် စတက်ရတာပေါ့။
       ရယ်လိုက်တိုင်း ချစ်စရာပါးချိုင့်လေးနှင့် သွားစွယ်ချွန် ချွန်လေးတွေနှင့် ကလေးတစ်ယောက်လို ဖြူ စင်ပြီး ချစ်စရာ ကောင်း တဲ့သူ့ ကို သူ့ ရဲ့သတ်မှတ်ချက်တိုင်း “ကိုကြီး” လို့ ခေါ်ရတယ်။ တို့  ကိုတော့ သူက “ခရု”တဲ့လေ။ တို့ နာမည် “ခင်ခင် ယု” ကို စကားပြောရင် ခင်ယုကလေ လို့  မြန်မြန်ပြောရင်းကနေ ခရု လို့ ဖြစ် သွားခဲ့တာ။ သူငယ်ချင်းတွေအားလုံးကလည်း “ခရု” လို့ ပဲခေါ် ကြတော့ တို့ ကိုယ်တိုင်လည်း စကားပြောရင် “ခရု” လို့ ပဲ ပြော တတ်တော့တာ ကြာပြီ။
        ပထမနှစ်ကျောင်း တက်ရက်တွေမှာ အဖော်မဲ့မှာစိုးရွံ့ နေတဲ့ တို့ ရဲ့ ပူပန်မှုတွေကို ကိုကြီးကချေဖျက်ပေး ခဲ့တယ်။ မန္တလေးက ဆယ်တန်းအောင်လာပြီး ရန်ကုန်မှာကျောင်းလာတက်တဲ့ တို့ မှာ သူငယ်ချင်းဆိုလို့  လက်ငါးချောင်းပြည့်အောင် မရှိခဲ့ဘူး။ အဲဒီအထဲမှာ ကိုကြီး ကိုတော့ အခင်တွယ်ရဆုံးပေါ့။
          တို့ ကို ကလေးတစ်ယောက်လို အရိပ်ကြည့်ပြီးစောင့်ရှောက်တတ်တဲ့ ကိုကြီးရဲ့ဂရုစိုက်မှုတွေ၊ တည်ငြိမ်ပေမဲ့ တောက်ပတဲ့ကိုကြီးရဲ့ မျက်ဝန်းနွေးနွေးတွေကြားမှာ တို့ ဟာအချစ်ဆိုတာကို စတင်ကြား နာခဲ့ရတယ်။ သူများ တွေကသတိထားမိလောက်တဲ့အထိ ကိုကြီးက တို့ ကိုအလေးအနက်ထားခဲ့တယ်။
         တို့ တွေဆုံတွေ့ ခြင်းရဲ့ နှစ်ပတ်လည် သင်္ကြန်နေ့ မှာပဲ တို့ နှစ်ယောက် သိပ်ချစ်တဲ့ချစ်သူတွေ ဖြစ်ခဲ့ကြ တယ်နော်။ သင်္ကြန်မှာ ဘယ်မှမသွားဖြစ်တဲ့ တို့ ကို ကိုကြီးကညနေပိုင်းမှာ အဆောင်ကို လာကြိုခဲ့တယ်။ သင်္ကြန်ရေကြားမှာ ဘယ်သွား ရမယ်မှန်းမသိတာနဲ့  အဆောင်နဲ့ သိပ်မဝေးတဲ့ ရန်ကုန်တက္ကသိုလ်ထဲကို အဓိပတိ လမ်းတလျှောက် ဖြည်းဖြည်းချင်း လျှောက် လာရင်း နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
        စာကြည့်တိုက်ရှေ့ က ကျောက်ခုံတန်းလေးတွေမှာဝင်ထိုင်ရင်း တို့ ရော၊ ကိုကြီးပါ ရင်ခုန်နေခဲ့ကြတယ်။ ညနေခင်း အကျနေ ဆည်းဆာဟာ တို့ နှစ်ယောက်ကြားကို ထိုးဖောက်ဝင်ရောက်နေတာ ဟာလည်း ကဗျာ ဆန်နေပြန်ရော။ အနားကို ကိုကြီးက တိုးကပ်လာရင်း တို့ လက်ကိုဆုပ်ကိုင်လိုက်ချိန်မှာ တုန်ယင်နေခဲ့တာ သင်္ကြန်ရေကြောင့်တော့မဟုတ်ဘူးထင်တယ်။
         “ခရုလေး” လို့  ကိုကြီးရဲ့ခေါ်သံအဆုံး တို့ မျက်ရည်တွေ စီးကျ လာခဲ့တာ ဘာကြောင့်မှန်း မသိဘူး။ တို့  ကို နှစ်သိမ့်သလိုဖက်ထား တဲ့ ကိုကြီးရဲ့ရင်ခွင်ထဲမှာ အားပါးတရငိုကြွေးခဲ့မိတယ်။ အဲဒီညနေ ခင်းလေးမှာပဲ ကိုကြီးနှင့်တို့  ဖွင့်ပြောစရာမလိုပဲချစ်သူတွေ ဖြစ် သွားခဲ့တယ်နော်။
          ဒီနှစ်မှာ ကျန်းမာရေးအခြေအနေကြောင့် ဘယ်မှမလည်ပဲ အဆောင်မှာပဲခွေနေတဲ့ တို့ ပျင်းမှာစိုး လို့ ဆိုပြီး နဂိုက စီစဉ်ထားတဲ့ သူငယ်ချင်းတွေနဲ့ သင်္ကြန်လည်ဖို့  အစီအစဉ်ကိုဖျက်ပြီး တို့ နားမှာ တနေကုန် အဖော်လုပ်ပေးတဲ့ ကိုကြီးကို တို့  ဘယ်လိုချစ်သွားမိမှန်း မသိဘူး။
        “သင်္ကြန်ရက်ကလေး နှစ်ရက်သုံးရက်ပဲ သူငယ်ချင်းတွေ နဲ့ ပျော်ရတာလျှောက်လည်ပါ ကိုကြီးရယ်။” လို့  တို့ က ပြောပေမဲ့
         “ကလေးနဲ့ နေရတာလောက်ပျော်စရာကောင်းတာရှိပါ့ဦးမလားကလေးရဲ့” ဆိုတဲ့ကိုကြီးရဲ့စကားကို ကြည်နူးမဆုံးဖြစ်ခဲ့ရတယ်။
        မနက်ပိုင်းတည်းက ကိုကြီးလာရင် လမ်းထိပ်က အအေး ဆိုင်လေးမှာ အကြာကြီးထိုင် စကားပြော၊ ထမင်းစားချိန် ဆိုင်မှာသွား စား၊ နေ့ လယ်ကျရင် အဓိပတိလမ်းအတိုင်းလျှောက်၊ ကျောက် ခုံလေးမှာ ထိုင်၊ တို့ က မုန့် တွေတမျိုးပြီးတမျိုးစားရင်း စကားတွေ ထိုင်ပြောရင် ကိုကြီးကပြုံးပြီးကျေနပ်စွာ ထိုင်နားထောင်၊ ညနေစောင်း ရင် နှစ်ယောက် အတူလက်တွဲပြီး အဆောင်ကို လမ်းလျှောက်ပြန်၊ ဒီလိုနဲ့ သင်္ကြန်ရက်တွေ ကို ပျော်ရွှင်စွာ ကုန်ဆုံးစေခဲ့တယ်။ ပြန် ပြီးတွေးရင် အမှတ်ရစရာတွေ ချည်းပါပဲ ကိုကြီးရယ်။ သင်္ကြန်ဆိုတာ (ကိုကြီးနဲ့ ဆုံတွေ့ ပြီးနောက်ပိုင်း) ဘယ်လိုမှ တို့ တစ်ယောက် ထဲ ဖြတ်ကျော်ဖို့ မလွယ်ပါဘူး။ သင်္ကြန်ရယ်၊ ကိုကြီးရယ်၊ တို့ ရယ် ဟာ ခွဲမရအောင် တစ်သားတည်းကျသွားခဲ့ပြီလေ။
          စဉ်းစားရင်းနဲ့  မနှစ်ကသင်္ကြန်ကိုပြန်ပြီးသတိရမိတယ်။ တို့  အမတွေက သင်္ကြန်ကိုသူတို့ နဲ့ အတူ ခရီးသွားတာလိုက်ဖို့ ခေါ် ကြတယ်။ တို့ မလိုက်ချင်ပါဘူး။ သင်္ကြန်ဆိုတာကို တို့ က ကိုကြီးနှင့် ပဲဖြတ်ကျော် ချင်တာ။ မလိုက်ချင်ဘူးလို့  ငြင်းပေမဲ့ မရဘူး။ မေမေ တို့ ကပါ လိုက်သွားဖို့ သဘောတူတာကြောင့် အမဖြစ်သူရဲ့ မလိုက် မနေရအမိန့် ကိုကြောက်လို့ နာခံပြီး လိုက် ခဲ့ရပေမဲ့ မပျော်ခဲ့ဘူး။ ကိုကြီးကို ဒီအကြောင်းပြောပြတော့ “ချောင်းသာကို ကလေးမှ မရောက်ဖူးသေးတာလိုက်သွားပါ” တဲ့ လေ။ ကိုကြီးကိုလိုက် ဖို့ ခေါ်ပေမဲ့ သူ့ အဘွားရှိရာ တောင်ကြီး ကိုသွားရမှာမို့ မလိုက်နိုင်ခဲ့ ဘူး။
          တို့ ကသင်္ကြန်ဆိုကိုကြီးနဲ့ ပဲနေချင်တာလို့  သူ့ ကိုပြောပြတော့ ဒီနှစ်မရှိလည်း နောင်နှစ်တွေကျရင် တူတူဖြတ်ကျော်နိုင်မှာပါ လို့  နှစ် သိမ့်တယ်။ တကယ်တမ်းကျတော့ ကိုကြီးက တို့ ထက်အရင်စော ပြီး တောင်ကြီးကိုထွက်သွား ခဲ့တယ်နော်။ ချောင်းသာသွားတဲ့လမ်း တလျှောက်မှာ ကိုယ့်ခံစားချက် နဲ့ ကိုယ်မို့  သူများတွေလို မပျော်နိုင် ဘူး။ အဲဒီတော့ တို့ က အားလုံးရဲ့ နောက်ပြောင် စရာဖြစ်နေတော့ တာပေါ့။
          သင်္ကြန်အကြိုနေ့ မနက်ပိုင်းတည်းက ရန်ကုန်ကထွက်ခွာခဲ့တာ ချောင်းသာကမ်းခြေဟိုတယ် ကိုရောက်တော့ နေ့ လည် ပိုင်းဖြစ်နေပြီ။ အားလုံးကအခန်းယူပြီးပြီဆိုရင်ပဲ ရေထဲကိုဆင်းဖို့  အဆင် သင့်ဖြစ်နေကြပြီ။ သူတို့ တွေ ထွက်သွားပြီး တော့မှ တစ်ယောက်ထဲစိတ်ဓါတ် ကျကျနဲ့ လမ်းလျှောက် ဖို့ ဟိုတယ်ရှေ့ ကို အထွက် အခန်းရှေ့ ကသဲပြင်ပေါ်မှာ ခရုသေးသေးလေးတွေ နဲ့ ပုံဖော်ထားတဲ့စာ ကိုဖတ်ရင်း တစ်ကိုယ် လုံးတောင့် ကနဲဖြစ်သွားမိ တယ်။ ရေးထားတာကိုလည်း ကြည့်အုံး။
          “ခရုလေး ကိုကြီး ရောက်နေပြီ။”တဲ့
          မဖြစ်နိုင်တာ၊ ကိုကြီးကတောင်ကြီးသွားနေတဲ့ဟာကို။ ဘယ်လို လုပ်ပြီး ချောင်းသာကိုရောက်လာနိုင် မှာလဲ။ စောစောက ရုတ်တရက်ပျော်သွားမိတဲ့အပျော်စိတ်ကလေးတောင် ဘယ်ရောက်သွားမှန်းမသိ ဘူး။ ရေသွားကူးကြတဲ့အုပ်စုကို တီးတိုး ကျိန်ဆဲမိ တယ်။ တတ်လည်းတတ်နိုင်ကြတယ်။ ရေကူးစရာ ရှိ အေးအေးဆေးဆေး မသွားကြဘူး။ သူများကို နောက်သွားကြ သေးတယ်။
           ကိုကြီးကို သတိရစိတ်တွေပိုလာတယ်။ ရေကူးနေကြတဲ့ သူတို့  ကိုငေးကြည့်ရင်း ကိုကြီးသာ အနား မှာရှိရင်ဆိုတဲ့ အတွေးနဲ့  လွမ်းလွမ်းဆွေးဆွေးဖြစ်နေတုန်း အေးကနဲဖြစ်သွားပြီး တစ်ကိုယ်လုံး စိုရွှဲစွာရေလောင်းချခံရတာကြောင့် စိတ်အနှောင့်ယှက်ဖြစ်စွာလှည့် အကြည့်
          “ဟင် ကိုကြီး”
          “ခရုလေး”
            အနားကိုရောက်လာတဲ့ ကိုကြီးကိုပျောက်သွားမှာစိုးသည့် အလား တင်းကျပ်စွာဖက်ထားပြီးမှ သတိပြန်ရကာ သူ့ ကို တွန်းထုတ်လိုက်မိတယ်။
           “ဘယ်လိုဖြစ်တာလဲ ခရုလေးရ။ အပြောင်းအလဲမြန်လှချည် လား။”
            “တော်ပြီ။ ကိုကြီးကိုမုန်းတယ်။ ခရုကဖြင့် လွမ်းလို့ သေတော့မယ်။ အားလုံးဝိုင်းညာကြ တယ်။ တောင်ကြီးကိုသွားတဲ့သူက ဘယ်လိုလုပ်ပြီးချောင်းသာရောက်လာရတာတုံး။ အခန်းဝကစာက ကိုကြီးလာရေးသွားတာလား။ ”
          “အင်းပေါ့။ ခရုလေး အံ့အားသင့်ဝမ်းသာသွားအောင် ကိုကြီးက တမင်ပြောမထားတာ။ ကိုကြီးလည်း သင်္ကြန်မှာ ခရု လေးနှင့်ခွဲပြီး ဘယ်မှမသွားနိုင်ပါဘူးကလေးရယ်။ ”
           “အတူတူပဲပေါ့ ကိုကြီးရဲ့”
           ကိုယ့်ကို အမြဲတမ်း အလိုက်သိလွန်းသောချစ်သူကို ပို၍ မြတ်နိုးရပြန်တယ်။ ထိုသင်္ကြန်ကတော့ သူမအတွက် ထူးထူးခြားခြားနဲ့  အပျော်ဆုံး ဖြစ်ခဲ့ရတယ်။
                                                                              xxx x x x         သင်္ကြန်ကျရင် ခရုနားကဘယ်ကိုမှမသွားပါဘူးဆိုတဲ့ ကိုကြီးရယ်။ ဒီနှစ်တော့ ခရုတစ်ယောက်ထဲ ထားခဲ့တယ်နော်။ လွင့်ပျံ့ လာသော သီချင်း အပိုင်းအစက ရင်ထဲကဝေဒနာကိုထပ်မံနှိုးဆွပြန်တယ်။
          “ဘယ်ဆီမှာလဲ အချစ်ဆုံးသူ၊ အမြဲတမ်းတ ညတိုင်းပဲ။ တစ်ကိုယ်ရေ ညများထဲ အိပ်မပျော်နိုင်တဲ့သူ” ကိုကြီးရေ၊ တို့ ကတော့ ကိုကြီးကိုတမ်းတ ရင်းရူးသွပ်နေဆဲပါပဲ။ နားလည်မှုတွေနဲ့ ပြည့်ဝနေတဲ့ချစ်သူနှစ်ဦး ဟာ လာမယ့် သင်္ကြန်မတိုင်ခင်(သို့ ) သင်္ကြန် အပြီးမှာလက်ထပ်မယ်လို့  စီစဉ်ခဲ့ကြတယ်။ ကန့် ကွက်မဲ့သူ မရှိ အဆင်ပြေနေခဲ့တဲ့တို့ ဘ၀ခရီးဟာ ရှေ့ ဆက်ရမဲ့အစီ အစဉ်တွေနှင့် ပျော်ရွှင်နေခဲ့ကြတယ်။ အခြေအနေ အပြောင်း အလဲတွေဖြစ်လာမယ်လို့ ထင်မထားခဲ့မိဘူး။
          ကိုကြီးရဲ့ အမြွှာညီဟာ အမေရိကမှာရှိတဲ့သူ့ အဒေါ်တွေဆီမှာနေရင်း ကျောင်းနေတာကို အစထဲက တို့ သိထားခဲ့တယ်။ တနေ့ မှာ ကိုကြီးရဲ့ အမြွှာညီဟာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါဖြစ်နေပြီး အခြေ အနေ အတော်ဆိုးနေတယ်လို့  သတင်းရခဲ့တယ်။ အချိန်မီကျောက်ကပ်ကို အစားထိုးမလဲနိုင်ရင် အသက် အန္တရာယ်စိုးရိမ်ရတယ်တဲ့လေ။ ဒါကြောင့် ကိုကြီးဟာ သူနဲ့  အချင်းတစ်ခု ထဲမွေးဖွားခဲ့တဲ့ သူ့ ရဲ့အမြွှာညီကို သူ့  ရဲ့ကျောက်ကပ်တစ်လုံးအစားထိုးပေးဖို့  သဘောတူခဲ့တယ်။ ပထမတစ်ခါ သူ နိုင်ငံခြားသွားချိန် ထဲက လိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပြီးသားတဲ့လေ။
          တို့ နှစ်ယောက်လက်ထပ်ဖို့ အစီအစဉ်ကို ခေတ္တရွှေ့ ဆိုင်းပြီး ကိုကြီး အမေရိကားကိုလိုက်သွားဖို့ ပြင် ဆင်ခဲ့တယ်။ တို့ ကတော့  ရုတ်တရက်ဖြစ်ပေါ်လာတဲ့အပြောင်းအလဲကို ဘယ်လိုလက်ခံရမယ်မှန်း မသိ စွာ ကြောင်တောင်တောင်နိုင်နေဆဲ။ ကိုကြီးကို စိတ်လည်း မချနိုင်၊ ခွဲလည်းမခွဲနိုင်၊ တားဖို့ လည်း မသင့်တော်နဲ့  တစ်နေ့ တစ်နေ့  မျက်ရည်ပဲ ကျနေမိတယ်။
            ကိုကြီးကတော့ မအားလပ်တဲ့ကြားက တို့ ကိုနှစ်သိမ့်ရင်း၊ သင်္ကြန် မှာပြန်လာနိုင်အောင်ကြိုးစားမဲ့ အကြောင်းနဲ့  တို့ ကို သိပ်ချစ်တဲ့ အကြောင်းတွေကို ထပ်တလဲလဲ ပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဘယ်လိုမှ မတတ်သာစွာနဲ့ ပဲ သင်္ကြန်ကျဖို့  သုံးလတိတိ လိုတဲ့နေ့ မှာ ကိုကြီး အမေရိကားကို ထွက်ခွာ သွားတော့တယ်။ ဘာကြောင့်မှန်းမသိပဲ တို့  စိတ်တွေလေးလံနေခဲ့ တယ်။ ဆေးဝါးတွေ ဘယ်လောက်ပဲ တိုးတက် တယ်ပြောပြော ကံကြမ္မာကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်ဘူးလေ။ ကိုကြီး တို့  ညီအကို ကျန်းမာ ပါစေကြောင်းနဲ့  အမြန်ဆုံးအန္တရာယ်ကင်းစွာ အောင်မြင်စွာနဲ့  ခွဲစိတ်ပြီးပါစေကြောင်း နေ့ တိုင်း ဆုတောင်း ခဲ့ရတယ်။
           ဘာလိုလိုနဲ့  သင်္ကြန်ကျဖို့  နီးကပ်လာခဲ့ပြီ။ ခွဲစိတ်မှုအောင်မြင်ကြောင်းနှင့် မကြာခင်မှာပြန် လာနိုင်အောင်ကြိုးစားနေကြောင်း တို့ ဆီကို ကိုကြီးက ဖုန်းဆက်ပြီးအကြောင်းကြားခဲ့တယ်။ ဒါပေမဲ့ သင်္ကြန်နား နီးမှအဆက်အသွယ်ထပ်မရတာကြောင့် ဘယ်နေ့ ပြန်ရောက်မယ် မှန်း အတိ အကျ မသိခဲ့ဘူး။ ဒီလိုနှင့် သင်္ကြန်ကျခဲ့ပြီ။ သူများတွေ သင်္ကြန်မှာပျော်နေကြ တာကိုကြည့်ရင်း ရင်ထဲမှာလွမ်းလွမ်းဆွတ် ဆွတ်  ခံစားနေရတယ်။
            လမ်းမပေါ်ကဖြတ်သွားတဲ့သင်္ကြန်ကားတွေအသံကြားရင် တို့  မခံစားနိုင်ဘူး ဖြစ်နေတယ်။ တို့ နှစ်ယောက်အတူ ဖြတ်ကျော်ဖူးတဲ့ သင်္ကြန်ပေါင်း ၅နှစ်ရှိခဲ့ပြီ။ တို့ နှစ်ယောက်ရဲ့ တွယ်တာမှုဟာလည်း ဖျက်မရအောင် ခိုင်မြဲနေခဲ့ပြီ။
           “လွမ်းတယ်ကိုကြီးရယ် ပြန်လာခဲ့ပါတော့။ နေ့ တိုင်းမျှော်ရလွန်းလို့  ခရုလည်းမောလှပြီ။”
           ကိုကြီးကိုတမ်းတရတာ နေ့ စဉ်နဲ့ အမျှပါပဲ။ ဒီနေ့ သင်္ကြန်အတက်နေ့ ။ ကိုကြီးကိုလွမ်းဆွတ်မှုတွေကို ဘယ်လိုမှ မမျိုသိပ်နိုင်လွန်းစွာနဲ့  သင်္ကြန်ရေ ကြားထဲကပဲ ရန်ကုန်တက္ကသိုလ်ထဲကို ထွက်လာမိပါတယ်။ ကိုကြီးနဲ့ အတူ သွားစဉ်က စကားတပြောပြောနဲ့ မောရမှန်း မသိလျှောက်ခဲ့တဲ့ အဓိပတိလမ်း ဟာ အခုတော့ သူမတစ်ယောက်ထဲလျှောက်တဲ့အခါ မောပန်း၊ ရှည်လျား လွန်းလိုက်တာ။
          စာကြည့်တိုက်ရှေ့ ကထိုင်နေကျ အုတ်ခုံလေးပေါ်အရောက်မှာတော့ အုတ်ခုံပေါ်မှာစကားပန်းလေး များဖြင့် ပုံဖော်ထားသော စာတန်းလေး၊ တို့  အသက်ရှုရပ်လုမတတ် ခံစားလိုက်ရတယ်။
         “ခရုလေး၊ ကိုကြီး ပြန်ရောက်နေပြီ” တဲ့။
          “ကိုကြီးရေ” လို့ ပါးစပ်က လည်းခေါ်ရင်း လိုက်ရှာပေမဲ့မတွေ့ ဘူး။ နောက်ဆုံးမှာမောမောနဲ့ ထိုင်ချ လိုက်ပြီး ကျောက်ခုံပေါ် မျက်နှာအပ်ကာ ငိုနေလိုက်တော့ တယ်။ မျှော်လင့်ထားတဲ့အတိုင်း သိပ်မကြာခင်မှာ ပဲ ပခုံးပေါ်ကို ရေအေးအေးတွေ စီးကျလာတယ်။
          မော့ကြည့်လိုက်တဲ့အခါ တို့ ကိုရီဝေစွာငေးကြည့်နေသော ကိုကြီးရဲ့ မျက်ဝန်းများ ဘာကြောင့် အရည်ကြည်များ ရစ်ဝိုင်းပြီး မှိုင်းညှို့ နေ ရတာလဲ။ တို့ နားမလည်နိုင်ဘူး။
         “ကိုကြီး၊ ခရုကိုပြန်တွေ့ ရတာမပျော်ဘူးလားလို့ ။ မျက်နှာကြီးက ဘာဖြစ်နေတာလဲ။ နေ မကောင်းသေးဘူးလား။”
        “နေကောင်းပါတယ်ခရုလေးရယ်၊ ခရီးနည်းနည်းပန်းလာလို့ ပါ။ ကလေးနဲ့ တွေ့ ရတာ ကိုကြီးမပျော် ပဲနေပါ့မလား။”
        “ဒါဆိုရင်လည်း ပြီးရော။ ခရုက ကိုကြီးပြန်မလာခင် အိပ်မက်ဆိုးတွေ မက်နေလို့  စိတ်ပူနေတာ”
        “ဟုတ်လား။ ဘယ်တုန်းကမက်တာလဲဟင်” ပြန်မေးလိုက်သော သူ့  အသံက အလောတကြီးနိုင်လွန်း လှတယ်။
           “ဖြည်းဖြည်းမေးပါ ကိုကြီးရယ်။ ပြောပြမှာပေါ့။ မှတ်မှတ်ရရ သင်္ကြန် အကြိုနေ့ ညက ကိုကြီးကို ခရု အိပ်မက်တယ်။ ကိုကြီးကလေ အ၀တ်အစား အသစ်တွေဝတ်ထားပြီး အရမ်းကိုလှနေတယ်။ ပြီးတော့ ကိုကြီးက ခရုကို လာနှုတ်ဆက်တာတဲ့။ ဟိုးအဝေးကြီးကို သွားရတော့မှာတဲ့။ ခရုကမခွဲနိုင် လို့ မသွားပါ နဲ့ လို့  ငိုပြီးတားတာတောင် မရဘူး။ အတင်းကို ထွက်သွားခဲ့ တာ။ အိပ်မက်ထဲမှာ ၀မ်းနည်းလွန်းလို့  ငိုလိုက် ရတာ။ လန့် လည်းနိုးလာရော အပြင်မှာပါ ခရုတကယ်ငိုနေတာ သိလား။ ခေါင်းအုံးတစ်ခုလုံး စိုရွှဲ နေတာပဲ”
           “အဲဒါ ဘယ်အချိန်လောက်ကလဲ။ ကလေးမှတ်မိလား။”
           “မှတ်မိတယ်။ လန့် နိုးလာတော့ရေသောက်ချင်တာနဲ့ ထရင်း နာရီ ကြည့်လိုက်မိတာ။ ည ၁၁ နာရီ ခွဲတိတိပဲ။ အဲဒီ အချိန်မှာ တိုက်တိုက် ဆိုင်ဆိုင်ခွေးတွေကလည်း အရမ်းအူတော့ ကြောက်လိုက်တာ မပြောပါ နဲ့ တော့။ ဒါကြောင့် ကိုကြီးကိုစိတ်ပူနေမိတာ။ ခုတော့ ကိုကြီး လည်းချောချောမောမော နဲ့  ပြန်ရောက်လာပြီ ဆိုတော့တော်သေးတာပေါ့။ မဟုတ်ရင် ကိုကြီး မလာမချင်း စိတ်အေးနိုင်မှာမဟုတ်ဘူး။ လက်ထပ်ချင်ပြီ ကိုကြီးရယ်။ ခရုတို့ အတူနေကြရအောင်။ ကိုကြီးကို ထပ်ပြီးမခွဲနိုင်တော့ဘူး။ ကိုကြီးနဲ့  သာခွဲရရင် ခရုသေမှာ။ ခုလို ခဏလေးခွဲရတာတောင် မခွဲနိုင်ဘူး။ ကိုကြီးသာအနားမှာရှိရင် ဘ၀တစ်ခု လုံး အေးချမ်းသွားပြီ။ ကိုကြီးရယ်၊ ခရုရယ်၊ သင်္ကြန်ရယ် ဘယ်တော့မှမခွဲတော့ဘူးနော်။”
          ပြောပြောဆိုဆို သူ့ ရင်ခွင်ထဲတိုးဝင်လာသော သူမကို တင်းကျပ်စွာ ဖက်ထားမိပါတယ်။ သူ့ ရင်ထဲ မှာတော့ ဆို့ ဆို့  နင့်နင့် တုန်တုန် ယင်ယင် ..... ဆန်းကြယ်တိုက်ဆိုင်လွန်းလှတဲ့ စိတ်ချင်းဆက်သွယ်မှုကို ခံစားမိချိန် မှာကျလာတဲ့ သူ့  မျက်ဝန်းက မျက်ရည်တစ်စက် ဟာ သူမပါးပြင်ပေါ်သို့  လွင့်စဉ်ကျသွားတဲ့အခါ သူမက အလန့် တကြား .....
          “ကိုကြီး ငိုနေတာလားဟင်”
           “မဟုတ်ပါဘူးကလေးရယ်။ ကလေးနဲ့ အတူနေရတော့မှာမို့ ဝမ်းသာလွန်းလို့ ကျတဲ့မျက်ရည်ပါ။ ဒီနေ့ ကစပြီးကလေး ဘ၀တစ်ခုလုံး ကို နွေးထွေး လုံခြုံအောင်စောင့်ရှောက်သွားမယ်လို့  ကိုကြီး တစ်ဘ၀ စာလုံးအတွက် ကတိပေးပါတယ်။ ”
          မင်းရဲ့ ဘ၀ကလေးကို ထာဝရချမ်းမြေ့အောင် အတတ်နိုင်ဆုံး ကိုယ် ဖန်တီးပေးမှာပါ။ မင်းရဲ့ စိတ်ထဲမှာ ဘယ်လိုမှခံစားနိုင်မှာမဟုတ်တဲ့ အကြောင်းအရာတစ်ခုကို တစ်သက်လုံး ကိုယ် ဘယ်တော့မှ မပြောပြတော့ ဘူးလို့  ဆုံးဖြတ်ချက် အပြီးချလိုက်ပါပြီ။ ဒါဟာ ကိုကြီး ကိုသိပ်ချစ်တတ်တဲ့ မင်းရဲ့ အချစ်နဲ့ ၊ မင်းကို သိပ်ချစ် တဲ့ ကိုယ့်ရဲ့ အမြွှာ အကိုတို့ ရဲ့ အချစ်ကို လေးစားဂုဏ်ပြုလို့ ပါပဲ။
           ဟုတ်တယ်။ ကိုယ်ဟာ မင်းရဲ့ အချစ်ဆုံးကိုကြီးမဟုတ်ပဲ ကိုကြီးရဲ့ အမြွှာညီ ညီညီဆိုတာကို မင်း ဘယ်တော့မှ မသိစေရဘူး။ မင်းရဲ့ အချစ်ဆုံး ကိုကြီး၊ ကိုယ့်ရဲ့ အချစ်ဆုံးအကိုဟာ မင်းသူ့ ကို အိပ်မက်မက် တဲ့ သင်္ကြန် အကြိုနေ့  ည ၁၁နာရီခွဲအချိန်မှာပဲ ကွယ်လွန်သွားခဲ့ တာကို မင်း သိမယ်ဆိုရင်
             အံ့သြစရာကောင်းလွန်းစွာပဲ မင်းကို သူလာနှုတ်ဆက်တယ်လို့  မင်း အိပ်မက်မက်နေတဲ့အချိန်မှာ ကိုကိုဟာ မင်းနာမည်ကို ရေရွတ် တမ်းတရင်း ကွယ်လွန်သွားခဲ့တာဟာ ပြင်းထန်တဲ့အချစ်စိတ်ကြောင့်လား၊ အင်အားကြီး မားတဲ့ မသိစိတ်ရဲ့ စွမ်းအားကြောင့်လား။ မဝေခွဲနိုင်ခဲ့ဘူး။
              ကျောက်ကပ်အစားထိုးပေးဖို့  ရန်ကုန်ကလာတဲ့ ကိုကိုဟာ သူ့ ရဲ့ အသက်ကို အချိန်မီကယ် တင်ပေးနိုင်ခဲ့လို့  သူ အသက်ချမ်းသာရာရ ခဲ့ပေမဲ့ ကိုကို့ ရဲ့ အသက်ကိုတော့ သူ ပြန်မကယ်နိုင်ခဲ့ဘူး။ ကိုကို က သူ့ ချစ်သူအကြောင်းကို အမြဲ တမ်းတဖွဖွပြောတတ်လွန်းလို့  ခရုလေးဆိုတဲ့နာမည်ရယ်၊ သူတို့ နှစ်ယောက်ရဲ့ ရည်းစားဘ၀အကြောင်းတွေရယ်ကို အစ အဆုံး သိနေခဲ့တာ။ သူ့ ချစ်သူရဲ့ ဓါတ်ပုံကို ကိုယ်နဲ့ မကွာတမ်းဆောင် ထားတတ်တဲ့ ကိုကိုရဲ့ အကျင့်ကြောင့် သူ့ ချစ်သူကို ဓါတ်ပုံမှတဆင့် ရင်းနှီးကျွမ်း ၀င်နေခဲ့တာ။ သင်္ကြန် ဆိုတာ သူတို့ နှစ်ယောက်ရဲ့ အထိမ်းအမှတ်မို့ လို့  သူ မရှိရင် သူ့ ချစ်သူ တစ်ယောက် ထဲ အားငယ်နေမှာလို့ ပြောတတ်လွန်းလို့  သူတောင် မှအဖြစ်သည်းရန်ကောလို့ စနေခဲ့တာ။ ကိုကိုက သင်္ကြန် မရောက်ခင်နှစ်ရက် အလိုမှာ ပြန်ဖို့ ပြင်ဆင်ထားခဲ့တာ။ နေပါအုံးလို့  သူတို့ ဘယ်လိုတားတား မရ ခဲ့။ ပြန်ရမှာမို့  သိပ်ပျော်နေ တဲ့ကိုကိုဟာ ကံကြမ္မာရဲ့ထင်မှတ်မထား တဲ့ရက်စက်မှုကိုခံခဲ့ရတယ်။ ရန်ကုန် ကိုပြန်ဖို့ လေယာဉ်ကွင်းကိုအလာ လမ်းမှာ မမျှော်လင့်တဲ့ ကားတိုက်မှုကြောင့် သင်္ကြန်အမှီပြန်ချင်တဲ့ သူ့  စိတ်ကူးတွေ ပျက်စီးခဲ့ရတယ်။
          ကိုကို့ မှာ ထိခိုက်ဒဏ်ရာတွေပြင်းထန်နေတဲ့ကြားက သူရဲ့ ချစ်သူ အတွက် စဉ်းစားပြီး စီစဉ်ပေးခဲ့တာ။ ကိုယ့်ကိုလည်း ကတိတစ်ခုကို အတန် တန်တောင်းပြီး သူဖြစ်ချင်တာတွေကို မှာကြားခဲ့တာ။ ကိုကို့ အတွက် ၀မ်းနည်းနာကျင်နေတဲ့ ကိုယ် ဟာ ကိုကိုဖြစ်စေချင်တာ မှန်သမျှ လိုက် လုပ်ပေးဖို့  အဆင်သင့်ရှိနေခဲ့တယ်။ ကိုယ်ဟာကိုကို့ အစား မင်းအနား ကို ရောက်ဖို့  အကြောင်းဖန်လာတော့တာပါပဲ။
           အချင်းတစ်ခုထဲကမွေးဖွားလာတဲ့ရုပ်အရမ်းတူတဲ့ အမြွှာညီ အကိုနှစ်ယောက်ကို မိဘတွေတောင် ရုတ်တရက်မခွဲခြားနိုင်ခဲ့တာ။ တခါမှ ကိုယ့်ကို မမြင်ဘူးတဲ့ ကိုကို့ ချစ်သူဟာ ဘယ်လိုမှ သံသယ၀င်နိုင်စရာ မရှိ ပါ။ နောက်ဆုံးအချိန်ထိ ချစ်သူနာမည်ကိုရေရွတ်သွား ရင်း သေဆုံးသွားတဲ့ ကိုကိုရဲ့ စွဲလမ်းမှုကို ဘယ်လို မှ ဥပေက္ခာမပြုနိုင်ခဲ့ပါ။ ကိုယ့်ဆီကိုသာ ကိုကိုရောက်မလာခဲ့ရရင် ခုလိုအဖြစ်ဆိုးမျိုး ကိုကိုတို့ ချစ်သူနှစ် ဦးကြားမှာ ကြုံလာနိုင်စရာမရှိတာမို့  တွေးမိတိုင်းမှာတော့ ၀မ်းနည်း နာကျင်ရပါတယ်။
             သူရဲ့ သေဆုံးမှုကို သူ့ ချစ်သူအားမသိစေချင်သောကိုကိုဟာ ကိုယ့်ကို ခရုထံသို့  ကိုကြီးအဖြစ် သွားရောက်ဖို့ နဲ့  သူ့  ချစ်သူကို လက်ထပ်ပြီး တစ်သက်လုံးကြင်နာစွာစောင့်ရှောက်သွားဖို့  တောင်းပန် ခဲ့တယ်။ ကိုယ်တိုင် ကလည်း ဒီဇာတ်လမ်းကို သိထားပြီးသားမို့  ဟန်ဆောင်ဖို့ သိပ်မခဲယဉ်းခဲ့ဘူး။ သူတို့  အကြောင်းကိုဒိုင်ယာရီအမြဲရေးတတ်ခဲ့သော ကိုကိုကြောင့်လည်း ခရုမရိပ်မိစေခဲ့ပဲ အဆင်ပြေစွာ သရုပ်ဆောင်နိုင်ခဲ့တယ်။
               ရန်ကုန်ရောက်တော့လည်း ကိုကို့ အပေါ် အရမ်းချစ်တဲ့ သူမ အကြောင်းကို သိခဲ့ရတာမို့  သနား ဂရုဏာသက်စွာနဲ့  ညီမလေးတစ်ယောက်လိုရော၊ ချစ်သူတစ်ယောက်လိုပါ အပြီးတိုင်စောင့်ရှောက် သွားဖို့ ဆုံးဖြတ်ထားတဲ့ သူ့ စိတ်ကူးတွေ ပိုမိုခိုင်မာခဲ့ပါတယ်။
             သူတို့ မကြာခင်မှာပဲလက်ထပ်ဖြစ်ခဲ့တယ်။ လက်ထပ်ပွဲမှာကိုကို့ ကို သတိရလွန်းစွာနဲ့  သူကြေကြေ ကွဲကွဲ မျက်ရည်ကျတာကို သူမ ကတော့ ၀မ်းသာလွန်းလို့ ကျတဲ့မျက်ရည်လို့ ထင်နေခဲ့တာ။ ရှိပါစေတော့လေ။ ဘာမှ မသိတဲ့ သူမ ပျော်ရွှင်နိုင် ပါစေ။
             သူမက သူ့ ကို သံသယကင်းစွာဖြင့် ချစ်ခင်ကြင်နာလေတိုင်း၊ သင်္ကြန် တိုင်းမှာ သူမတို့ နှစ်ဦးရဲ့ ချစ်သူဘ၀က ကြည်နူးစရာ အဖြစ်အပျက် များကို သတိတရပြန်ပြောလေတိုင်း သူ့ မှာတော့ သင်္ကြန်မှာသေ ဆုံးသွားတဲ့ ကိုကို့  ကို သတိရမိပါတယ်။ သင်္ကြန်ကိုအရမ်းချစ်သော သူမဟာ သူမရဲ့ အချစ်ဆုံး ကိုကြီးကို အဲဒီ သင်္ကြန်ရက်တွေအတွင်းမှာပဲ အပြီးတိုင်လက်လွှတ်ဆုံးရှုံး လိုက်ရကြောင်းကို သိများ သိခဲ့ပါရင် . . . . .
မေဇူး
သင်္ကြန်နတ်သမီးပုံပြင်
   မြန်မာနိုင်ငံရဲ့ ပွဲတော်များထဲတွင် သင်္ကြန်သည် ချစ်စရာအကောင်းဆုံး၊ အပျော်ရွှင်ရဆုံး၊ ကြည်နူးစရာ အကောင်းဆုံး၊ ရက်အကြာဆုံး ပွဲတော်တစ်ခု ဖြစ်သည်။
   သူ ငယ်ငယ်လေးထဲက သင်္ကြန်ရောက်မှာကို တစ်လလောက်ကြိုပြီး ပျော်တတ်ခဲ့သည်။ သင်္ကြန်ကို ချစ်သောသူ့ အတွက် ဘ၀နှင့်ရင်းပြီး ဖန်တီးရမည့်ကိစ္စတစ်ခုကို သင်္ကြန်ကပဲ အဆုံးအဖြတ်ပေးခဲ့တာ မို့ သူ့ ဘ၀မှာတော့ ၂၀၀၆ ခုနှစ် သင်္ကြန်သည် ဘ၀အတွက် မမေ့နိုင်သော မှတ်တိုင်တစ်ခု ဖြစ်ခဲ့လေသည်။
   ဒီနှစ် ၂၀၀၆ ခုနှစ်ဟာ ငါ့အတွက်တော့ ပျော်စရာပဲ။ ဘာဖြစ်လို့ လဲဆိုတော့ နှစ်ဦးရဲ့ ပထမဦးဆုံး (၁.၁.၂၀၀၆) နေ့ မှာ နင် ပြန်လာမှာမို့ လို့ ပေါ့။ သတိရနေတယ် သင်္ကြန်။ နင့်ကို ငါတို့  နှစ်ယောက် လေဆိပ် မှာ လာကြိုမယ်။
                                                                                                        ဟေမာန်
   သင်္ကြန်ဆီ Email ပို့ ပြီးချိန်မှာတော့ သူမစိတ်တို့  ကြည်လင်လန်းဆန်းလာခဲ့သည်။ မကြာခင်မှာပဲ သူမတို့ ရဲ့ ချစ်လှစွာသော သူငယ်ချင်းလေးနှင့် ပြန်ဆုံရပါတော့မည်။ တွေးကြည့်ရုံနဲ့ တင် ၆နှစ်ကျော် ရနှစ်နီးပါး ခွဲခွာနေရသော သင်္ကြန့် ကို လွမ်းဆွတ် လာမိတော့သည်။
   ၂၀၀၆ ခုနှစ်ရဲ့ ပထမဦးဆုံးနေ့ ရက်မှာတော့ ၀ဿန်နှင့် ဟေမာန် နှစ်ယောက်လုံး မင်္ဂလာဒုံလေဆိပ်မှာ စိတ်လှုပ်ရှားစွာဖြင့် သင်္ကြန့် ကို လာကြိုကြလေသည်။ ခွဲခွာနေရသောနှစ်များအတွင်းမှာ အရာရာကို အဆန်း ထွင်တတ်သော သင်္ကြန်က တစ်ယောက်နှင့် တစ်ယောက် ဓါတ်ပုံ မပို့ ကြေးဟု သတ်မှတ်ခဲ့သည်။ ပြောင်း လဲနေသော ရုပ်သွင်တွေကို သူ မြန်မာပြည် ပြန်ရောက်မှ တွေ့ လိုပါသည်တဲ့။ သူ့ ဓါတ်ပုံကို လုံးဝ မပို့  သလို ၀ဿန်နှင့် ဟေမာန်ပုံကိုလည်း မတောင်းခဲ့။ သူမတို့  နှစ်ယောက်က မနေနိုင်စွာဖြင့် စာတိုက်မှ ဓါတ်ပုံ ပို့  လိုက်တော့လည်း ဖွင့်၍ပင် မကြည့်ပဲ ပြန်ပို့ ပေးခဲ့တာမို့  သူမတို့  လက်လျှော့လိုက်ရသည်။ ဒီတော့ သူပြော သလို မြန်မာပြည်ပြန်ရောက်မှ တွေ့ ကြရုံသာ ရှိတော့သည်။
   ဒီတော့လည်း မမြင်ရတာ ကြာပြီဖြစ်သော သင်္ကြန့် ရုပ်သွင်ကို မှန်းဆရင်းနဲ့ သာ သူငယ် ချင်းနှစ်ယောက် လေဆိပ်ရောက် လာရသည်။ လေယာဉ်ပေါ်မှ ဆင်းလာသော လူအုပ်များကြားထဲမှာ ထင်းနေအောင် ချောမောနေသောရုပ်၊ မြင့်မားသော အရပ်အမောင်းနှင့် ကုတ်အင်္ကျီအနက်၊ နေကာမျက်မှန် အနက်တို့ ကို တွဲဖက် ၀တ်ဆင်ထားသောသူဟာ သင်္ကြန်ပဲ ဖြစ်ရ မည်လို့  သူမတို့ နှစ်ယောက်လုံးက ယုံကြည်လေသည်။ ထို့ အတူပဲ သူ့ ရဲ့ ဦးတည်ရာကလည်း သူမ တို့ နှစ်ယောက်ဆီကို သာမို့  ပြုံး၍သာ ကြည့်နေကြသည်။
  သင်္ကြန်ကလည်း ခေတ်မီ ပုံဆန်းဆံပင်ကောက်ကောက်လေးများ ကျောပေါ်မှာ ဖြာကျနေကာ အနက်ရောင် ကိုယ်ကျပ်အင်္ကျီ အပေါ်မှာ ပါးလွှာသောအစလေးကို အသည်းယားစဖွယ် ခြုံလွှမ်းထားပြီး စကပ်တိုတိုနှင့် ကောင်မလေးကိုတစ်လှည့်၊ ပေါင် လယ်လောက်ရောက်အောင် ရှည်လျားနေသော ဆံပင် ထူထူစင်းစင်းများကို စကတ်ပုဝါလေးနှင့် ခပ်လျော့လျော့ စီးထားပြီး ပိုးဝမ်းဆက် နီညိုရောင်လေးကို မြန်မာ ဆန်စွာဝတ်ထားသော ကောင်မလေးကိုတစ်လှည့် ကြည့်ရင်း ဘယ်သူက ဟေမာန်၊ ဘယ်သူက ၀ဿန် ဖြစ် မလဲရယ်လို့  ဝေခွဲမရဟန်ဖြင့် ခေတ္တ ငြိမ်သက်သွားခဲ့သည်။
  ထို့ နောက်မှာတော့ သူ့ ရှေ့ မှ ခေတ်ဆန်ဆန် ကောင်မလေးရဲ့ ပုခုံးကို လှမ်းဖက်ကာ “ဟေမာန်” လို့  ၀မ်းသာအားရ ခေါ်လိုက် ချိန်မှာတော့  ၀ဿန့် မျက်ဝန်းများ မှိန်ဖျော့သွားခဲ့ပါသည်။
   “နင် အရမ်းလှလာတယ် ဟေမာန်။ နင့်ကို ငါ မမှတ်မိနိုင်လောက်အောင်ပါပဲ။ အရင်လို နှပ်ချီးတွဲလောင်းနဲ့  အပျင်းထူ တဲ့ ကောင်မလေးမဟုတ်တော့ဘူး။”
   “နင်လည်း ဒီလိုပါပဲ သင်္ကြန်ရယ်။ အရင်လို မဲမဲ ပိန်ပိန်လေးနဲ့  ငါးကျည်းခြောက်လေးမှ မဟုတ်တော့တာ။”
   “နင် ငါတို့ ကို ခွဲသွားတာ အကြာကြီးပဲနော်။”
   “ဟုတ်တယ်။ ခုနှစ်နှစ်နီးပါးတောင် ရှိနေပြီပဲ။ ငါလဲ ပြန်လာချင်တာကြာပြီဟ။ ဒယ်ဒီ့ အလုပ် တာဝန် ကြောင့် သာ နေနေရတာ။ ဟိုမှာနေတဲ့ ကာလ တလျှောက်လုံး နင်တို့ ကို ငါ လွမ်းနေခဲ့တာ။ အားရင် ငါ့ဆီလာတဲ့ ဟေမာန့်  Email လေးတွေဖတ်ပြီးတော့ ပဲ မြန်မာပြည်ကို အလွမ်းဖြေနေရတာ။ ၀ဿန် တစ်ယောက်ကတော့ ငါ့ဆီကို စာလေးတစ်စောင် တောင် ရေးဖော်မရဘူး။ သိပ်နေနိုင်တာပဲ။”
   သူ့ ရဲ့ စကားကို ၀ဿန်က အပြုံးလေးတစ်ချက်ဖြင့်သာ နှစ်သိမ့်လိုက်သည်။
   “နင်လို အရင်လို ၀တုတ်လေး မဟုတ်တော့ဘူး။ လှလာပြီ။ ဒါပေမဲ့ ဟေမာန့် ကိုတော့ မမှီသေးဘူး”
   “ဟေမာန့် လို မော်ဒယ်ဂဲလ်တစ်ယောက်ကိုတော့ ငါက ဘယ်မှီနိုင်ပါ့မလဲ။ ငါက အစထဲက သူ့ လောက်မှ မလှတာ”
   “အမယ်၊ ဟေမာန်က တယ်ဟုတ်ပါလား။ မော်ဒယ်တောင် လုပ်နေပြီပေါ့။ ၀ဿန် နင်ကရော ဘာလုပ် နေလဲ။”
   “၀ဿန်ကလည်း နာမည်ကြီး စာရေးဆရာမ ဖြစ်နေပြီ သင်္ကြန်ုရဲ့။ နင် မသိသေးဘူးနော်။ အခုဆိုရင် သူ့  ၀တ္ထု တွေက ခုခေတ် လူငယ်တွေ ကြားမှာ ရေပန်းစားနေပြီ။ ”
   “အိုး တယ်ဟုတ်ပါလား။ ငါ့ သူငယ်ချင်း နှစ်ယောက်စလုံးက အောင်မြင်နေပြီပဲ။ ငါကတော့ ခုမှ ဒီမှာ စီးပွားရေးအခြေချမှာ ဆိုတော့ နင်တို့ ကို မှီအောင် ကြိုးစားရအုံးမယ်။ ကဲလာ ပြန်ကြစို့ ။”
   ပြောပြောဆိုဆို ဟေမာန့်  ပခုံးကိုဖက်ကာ သင်္ကြန်ုက ရှေ့ မှ ထွက်ခွာသွားတာမို့  ၀ဿန်မှာ သူတို့  နောက် မှ အပြေးလိုက်ခဲ့ရသည်။ သင်္ကြန်ုက ဒီလိုပဲလေ။ ဟေမာန့် ကိုဆိုလျှင် ၀ဿန်ထက် အချစ်ပိုမြဲ။
   သင်္ကြန် နိုင်ငံခြားသွားသည့်နေ့ က မြင်ကွင်းလေးကို ၀ဿန် မျက်စိထဲ မြင်ယောင်လာသည်။
   ငယ်ငယ်လေးထဲက အတူတကွ ကြိးပြင်းလာခဲ့သော သူငယ်ချင်း တစ်ယောက်ကို ရုတ်တရက်ကြီး ခွဲခွာ ရမည်ဆိုတော့ ခံစားလွယ်သော ၀ဿန်တစ်ယောက် မျကရည် မဆည်နိုင်ခဲ့။ သင်္ကြန်က သူ့ ဒယ်ဒီ တာဝန် ကျရာ သြစတေးလျား နိုင်ငံသို့  လိုက်ပါသွားရမှာ ဖြစ်သည်။ စားအတူ၊ သွားအတူ ၃ယောက်ရှိနေကျရာမှ ခွဲသွားရမှာမို့  ဟေမာန်ရော၊ ၀ဿန် ပါစိတ်မကောင်း ခဲ့။
  သင်္ကြန်သွားမဲ့နေ့ မှာ လိုက်ပို့ ကျတော့ ၀ဿန်က မျက်ရည်မကျပဲ ရင်ထဲမှာကြိတ်ငိုပေမဲ့ ဟေမာန်ကတော့ ဟန်မဆောင်နိုင်စွာ ငိုကြွေး နေခဲ့သည်။  သင်္ကြန်က ဟေမာန့် ကို ဖက်ရင်း နဖူးလေးကို အသာနမ်းကာ
  “ငါ့ကို သတိရနေနော်” တဲ့။
   “နင့်ကို ငါ နေ့ တိုင်းသတိရနေမယ်။ ငါ့ဆီကို စာရေးနော်။ ရှုပ်ပါတယ်ကွာ။ စာရေးရင် ကြာတယ်။ ငါ့ဆီကို Email ပို့ ကွာ။ ဟိုရောက်ရင် ငါ့ Email address ပို့ လိုက်မယ်။ နင် ငါ့ဆီကို နေ့ တိုင်း Email ပို့ နော် ဟေ မာန်။”
   “ငါ့မှာ ကွန်ပျူတာတို့  ဖုန်းတို့ မှ မရှိတာ။ ဘယ်လိုလုပ် နင့်ဆီကို Email ပို့ နိုင်မှာလဲ။ ငါ ဆင်းရဲတာ သိ သိချည်း နဲ့ ”
   “၀ဿန့် အိမ်မှာ ကွန်ပျူတာ ရှိတာပဲ။ အဲဒီကနေ ပို့ ပေါ့။ ဟုတ်ပြီလား။”
   သင်္ကြန် အထူးဂရုစိုက်ပြီး နှုတ်ဆက် မှာကြားသွားသူက ဟေမာန် တစ်ယောက်ထဲရယ်သာ။ ဒါကို အစ ထဲက ၀ဿန် သိခဲ့ဖို့  ကောင်းသည်လေ။ ၀ဿန်မှာတော့ နေ့ တိုင်း Email မျှော်ရသော အလုပ်တစ်ခု တိုးလာခဲ့သည်။
   သင်္ကြန် သွားပြီး တစ်ပတ်ခန့်  အကြာမှာတော့ သင်္ကြန့် ဆီမှ ဟေမာန့် နာမည် ခေါင်းစဉ်တပ်ထားသော Email တစ်စောင်ကို ၀ဿန် ရရှိခဲ့ပါသည်။ သင်္ကြန် Email လိပ်စာရခဲ့ပြီမို့  ဟေမာန့် ကို အိမ်ခေါ်ကာ ၀မ်းသာ အားရ ပြောခဲ့ပေမဲ့ ဟေမာန်က ဘာမှ ခံစားရပုံ မပေါ်ပေ။ ဒီလိုပဲ သူမက လူအနားမှာ ရှိနေခဲ့ရင်သာ သည်း သည်းလှုပ်ခံစားရပြီး ထိုသူမရှိလျှင် မေ့မေ့ ပျောက်ပျောက် ရှိနေတတ်ခဲ့သည်။
   သင်္ကြန့်  စာထဲမှာ သာကြောင်း မာကြောင်းနှင့် ဟေမာန့် ကို သတိရကြောင်းတို့ ကသာ အဓိက ပါဝင်လေ သည်။ စာဖတ်ပြီး စာပြန်လိုက်ပါအုံးဆိုတော့ ပျင်းသည်ဟု အကြောင်းပြကာ အိမ်ထပြန်သွားခဲ့သည်။ မနေနိုင်သော သူမမှာသာ သင်္ကြန်ဆီ စာပြန် ဖြစ်ခဲ့သည်။
သင်္ကြန်
နင့်ကို ငါ အရမ်းသတိရနေတယ်။ နေ့ တိုင်းလည်း လွမ်းနေတယ်။ နင် စာကြိုးစားနော်။ အားရင် ငါ့ ဆီကို Email ပို့ ပါအုံး။
                                                                                                  နင့်ရဲ့ ၀ဿန်
    စာရဲ့ အဆုံးမှာ ၀ဿန်လို့  ရိုက်ပြီးခါမှ ပြန်ဖျက်ကာ ဟေမာန် ဟုပြန်ပြင်ရိုက်ဖြစ်ခဲ့သည်။ ဒါဟာ နင့် အပေါ်ထားတဲ့ ငါ့ရဲ့ စေတနာပါ သင်္ကြန်။ ငါ့မှာ တခြား ဘာရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး။ နင် မမျှော်လင့်တဲ့ ငါ့ဆီကစာထက် နင် မျှော်လင့်နေ တဲ့ ဟေမာန့် ဆီကစာဆိုရင် နင်ပိုပြီး စိတ်ချမ်းသာအောင်လို့ ပါ။
   နင် ဖတ်ချင်တဲ့ ဟေမာန်ရဲ့ စာတွေကို နင် နေ့ စဉ် ဖတ်ခွင့် ရှိအောင် ငါ ဖန်တီးပေးမယ်လေ။ အဝေးမှာ ရှိတဲ့ ငါ တို့ ရဲ့  သူငယ်ချင်းလေး မပျင်းအောင် ငါ ကြိုးစားပေးရမှာပေါ့။
   သင်္ကြန့် စာကို လာဖတ်ဖို့ ဟေမာန့် ကိုနေ့ တိုင်းခေါ်ပေမဲ့ စိတ်ဝင်တစား လာမဖတ် တတ်သောကြောင့် နောက်ပိုင်းမှာ  တကူးတက မခေါ်ဖြစ် တော့ပါ။ သင်္ကြန့် ဆီကိုတော့ နေ့ စဉ် Email ပို့  ဖြစ်ခဲ့သည်။
    အချိန်ဆိုသော အရာသည် လူတို့ ကို ပြောင်းလဲ စေတတ်ခဲ့ပြီ။ ငယ်စဉ်ထဲက အလှအပ ကြိုက် တတ်သော ဟေမာန်သည် အလှအပကို ကိုးကွယ်တတ်လာခဲ့ပြီ။ ထို့ အပြင် သူမ အလှအပကို ကိုးကွယ်သောသူ များပြားတာကို လည်း သာယာ တတ်ခဲ့ပြီ။ သူမ၏ အလှကို စနစ်တကျ မွေးမြူ အရောင် တင်ခဲ့ပြီ။
   ဆယ်တန်းအောင်ပြီးလို့  တက္ကသိုလ် တက်ချိန်မှာတော့ ၀ါသနာပါရာ ဦးတည်ချက်ချင်း ကွဲပြားသွားသော သူမတို့ နှစ်ယောက် သိပ်မတွဲ ဖြစ်တော့ပေ။
   စာတိုပေစများ ရေးစပြုလာပြီဖြစ်သော ၀ဿန် ဦးတည်ရာ မဂ္ဂဇင်းတိုက်များကို ဟေမာန်က စိတ်မ၀င်စား သလို၊ ဟေမာန် ကျက်စားရာ ဗိုလ်ချုပ်ဈေး၊ မော်ဒယ်သင်တန်း၊ Fashion Show များနှင့် ၀ဿန်ကလည်း မနီးစပ်ခဲ့ပါ။ အိမ်ချင်းနီးပေမဲ့ လူချင်းက တစ်ပတ် တစ်ခါပင် မတွေ့ ဖြစ်ခဲ့။ ဒီလိုကြိုးစားရင်းနဲ့ ပဲ ကိုယ်ဝါသနာ ပါရာ နေရာအသီးသီးမှာ အောင်မြင် စပြုလာခဲ့ပြီ။ ခုလည်း သင်္ကြန်ပြန်လာမှာမို့ သာ ၀ဿန့် ကားနှင့် လေ ဆိပ်ကို လာကြိုကြတာ ဖြစ်သည်။
     အပြန်လမ်းမှာတော့ ဟေမာန့် လက်ကိုဆွဲကာ ရယ်မောရင်း ကားနောက်ခန်းမှာ ၀င်ထိုင်သော သင်္ကြန်က သူမကို တစ်ခု ခု ပြောဖို့  မေ့လျော့နေခဲ့သည်။ ကားမောင်းသူနေရာမှာ ၀င်ထိုင်ရင်း နောက်ကြည့်မှန်မှ တဆင့် သူတို့ နှစ်ယောက် ကို ငေးကြည့် နေခဲ့မိသည်။
   သင်္ကြန်ပြောသမျှကို ကိုယ်လေး သိမ့်သိမ့်ခါအောင်ရယ်ရင်း၊ သင်္ကြန့် လက်မောင်းကို အားကိုးတကြီး ဖက်တွယ် ထားသော ဟေမာန့်  မျက်ဝန်း အကြည့်လက်လက်များက ၀ဿန့် ကိုတောင် ခြေလှမ်း မှားစေ ပါသည်။ ဒီပုံဆိုရင်တော့ သင်္ကြန်လည်း ဟေမာန့်  အလှကွန်ရက်မှ ရုန်းထွက်နိုင်မည် မထင်ပေ။
  သက်မမောကိုသာ အသာချမိသည်။ တွယ်တာခဲ့ရသော သူငယ်ချင်းကို မြင်တွေ့ ခွင့်ရရုံနဲ့ တင် ကျေနပ် ပါပြီလေ။ ၀ဿန့်  အချစ်ကတော့ မျှော်လင့်ခြင်းမပါသော အဖြူရောင်ရယ်သာ။
   သင်္ကြန် ပြန်လာပေမဲ့ ဟေမာန်က အရင်တွဲလက်စ ဇာတ်လမ်းဟောင်းများနှင့် မပြတ်သားသေးပေ။ ဒီတော့ သင်္ကြန့် ကိုယ်စား ၀ဿန့် မှာ ရင်မောရသည်။ မိမိမှာရှိသင့်တာထက် ပိုလိုချင်သော ဟေမာန့်  စိတ်ဓါတ် ကလည်း ပြင်ဖို့  မလွယ်။ ငယ်စဉ်ထဲက ချို့ တဲ့စွာ ကြီးပြင်းခဲ့ရတာမို့  ချမ်းသာချင်သော စိတ်က ဟေမာန့် မှာ အရိုးစွဲ နေခဲ့သည်။ ဒါကြောင့်ပဲ ဟေမာန့် မှာ သင်္ကြန် မလာခင်က ဇာတ်လမ်းပေါင်းများ စွာ ရှိခဲ့သည်လေ။
   အလှအပကို အားကိုးပြီး လျှောက်လှမ်းနေရသော မော်ဒယ် ဖက်ရှင်အလုပ်ကို ဟေမာန်က မစွန့် လွှတ်နိုင် တာ ကို သင်္ကြန်က မတားပေမဲ့ အရမ်းကြီး သရုပ်မပျက်ဖို့ တော့ အမြဲတမ်း သတိပေးတတ်သည်။
   တစ်နေ့ မှာတော့ ၀ဿန့် ဆီကို ဟေမာန် ဒေါသတကြီး ရောက်ရှိလာခဲ့သည်။
  “နင်က ငါ့နာမည်နဲ့  သင်္ကြန့် ဆီကို Email တွေ ပို့ နေခဲ့တယ်ဆို။ ဒါ ဘာသဘောလဲ။ ငါ့ကွယ်ရာမှာ နင်က ကျိတ်ပုန်းခုတ်တာလား။”
   “ငါ့ကို မစွပ်စွဲနဲ့  ဟေမာန်။ သင်္ကြန်ထွက်သွားထဲက Email တွေ နေ့ တိုင်းပို့ တတ်တာ နင်အသိပဲ။ နင့် နာမည်နဲ့  ရောက်ရောက်လာတဲ့စာတွေကို နင် ဘယ်တုန်းက စိတ်ဝင်တစားလာကြည့်ဖူးလို့ လဲ။ သင်္ကြန့် ကို စိတ်ချမ်းသာစေချင်လို့  နင့်နာမည်နဲ့ ငါ စာပြန်ရေးနေတာ နင်လည်းသိနေတာပဲ။ ငါ နင် မသိအောင် ဘာများ လုပ်ဖူးလို့ လဲ။”
  “ဆောရီး ၀ဿန်၊ ငါ မှားသွားတယ်။ ငါ့ကို သင်္ကြန်က Email တွေ အကြောင်းမေးရင် ငါ့မှာ ဘာပြန်ပြော ရမှန်း မသိဘူး။ ဒါကြောင့် နင်တို့  ဘာအကြောင်းတွေပြောတတ်လဲ ဆိုတာ ငါ့ကို ပြန်ပြောပြဟာ။”
   “သူနဲ့  ငါနဲ့  ပြောဖြစ်တာက ဘာမှ ထူးထူးဆန်းဆန်းတော့ မဟုတ်ဘူး။ သာကြောင်း၊ မာကြောင်းနဲ့  ဒီနေ့  အိမ်မှာ ဘာလေးတွေ လုပ်ဖြစ်တယ်ဆိုတာလောက်ပဲ။”
  “အေးလေ၊ ဒါဆိုရင်လည်း ပြီးတာပဲ။”
   ဟေမာန်က ပြီးရောဆိုပေမဲ့ တကယ်တမ်း မပြီးနိုင်သူမှာ သင်္ကြန်သာ ဖြစ်သည်။ နေ့ ခင်းဖက်တွေ့ ပြီး တာတောင် ညဖက်မှာ ဟေမာန့်  နာမည်ဖြင့် Email တွေ ပို့ မြဲ။ ထိုအခါမျိုးမှာ ၀ဿန့် မှာ စိတ်လည်းညစ်ရ သလို ပျော်လည်း ပျော်ရွှင်ရသည်။ သင်္ကြန် နေ့ စဉ်ပို့ နေသော Email များကြောင့်ပဲ သင်္ကြန်နှင့် ဟေမာန့်  ဇာတ်လမ်း ကို မသိချင်ပဲ ၀ဿန့်  မှာ သိနေရပြန်သည်။
   သင်္ကြန်က သူတို့ သွားသည့်နေရာတိုင်း ၀ဿန့် ကို ခေါ်တတ်တာကို ဟေမာန်က မကျေနပ်ပေ။ ဒါကြောင့် ပဲ တတ်နိုင်သမျှ သူတို့ နှစ်ယောက်နှင့် ဝေးအောင် ၀ဿန် ရှောင်ရပါသည်။ သို့ သော်လည်း အိမ်ချင်းကပ် ရက် အတူနေကြတာမို့  ရှောင်တိမ်း ဖို့ က သိပ်မလွယ်ကူပေ။
   တစ်နေ့  ၀ဿန့် အိမ်ကို သင်္ကြန် ရောက်နေတုံး ဟေမာန်ပါ ရောက်လာခဲ့သည်။ ခြံထဲကဒါန်း မှာ နှစ်ယောက်အတူ ထိုင်နေတာကို တွေ့ တော့ မနှစ်မြို့ သလို ကြည့်ရင်း
   “သင်္ကြန် ဟေမာန် အပြင်သွားချင်တယ် လိုက်ပို့ ”
   “ဘယ်သွားမှာလဲ ဟေမာန်ရာ။ နေပူရတဲ့အထဲ အိမ်မှာ အေးအေးဆေးဆေး နေစမ်းပါကွာ။ ဒီအချိန် အပြင်ထွက်ရတာ မမိုက်ဘူး”
   “မထွက်လို့ မရဘူး။ ခေါင်းလျှော်ချင်နေပြီ။ အဲဒါ မြို့ ထဲက Vilus  တစ်ဆိုင်ဆိုင်ကို လိုက်ပို့ ပေ့းကွာ။”
    “ဟင် ဟေမာန်က ဆိုင်မှာ ခေါင်းလျှော်တာလား။ အိမ်မှာ မလျှော်ဘူးလား။”
   “အမယ်လေး သင်္ကြန်ရယ်။ ဆိုင်မှာ ခေါင်းလျှော်တာများဆန်းလို့  ဘာများ ရေးကြီးခွင်ကျယ် ဖြစ်နေရ တာတုံး။ ကိုယ့်ဘာသာ ကိုယ် ခေါင်းလျှော်ရတာ ပျင်းစရာကြီး။ အရင်က ပိုက်ဆံမတတ်နိုင်လို့  အိမ်မှာလျှော် တာ။ ခု မော်ဒယ်လုပ်ပြီး နောက်ပိုင်း ဆိုင်မှာ ပဲ လျှော်တော့တယ်။”
   “ဆိုင်မှာလျှော်တယ်ဆိုတာ သရော်ကင်ပွန်းသီးနဲ့ လား။ အိမ်မှာလျှော်တုံးကရော အဲလိုပဲ လျှော်တာလား။”
   “ဟယ် သင်္ကြန်ရယ် နင် ဘယ်လိုများ ဖြစ်နေတာလဲ။ ရှေးခေတ်က အယူအဆတွေ ပြောနေပြန်ပြီ။ ငါက Shampoo နဲ့ ပဲလျှော်တယ်။ သရော်ကင်ပွန်းကို လျှော်လည်း မလျှော်ဘူး။ ကြိုက်လည်း မကြိုက်ဘူး။ လာ ကွာ စကား များတယ်။ သွားမယ်။”
   ဟေမာန် ဆွဲခေါ်ရာနောက်ကို မလိုက်ချင်လိုက်ချင် လိုက်ပါသွားသော သင်္ကြန့် မျက်ဝန်းထဲတွင် အလို မကျမှု အရိပ်အယောင်တစ်ခု ကို တွေ့ ရသည်။ နောက်နေ့ နေ့ ခင်းဘက် ၀ဿန်ခေါင်းလျှော်နေတုံး သင်္ကြန်ရောက်လာခဲ့သည်။ သူ စောင့်နေတာမို့  ဆံပင် ကိုတောင် ရေစင်အောင် မသုတ်နိုင်ပဲ သနပ်ခါး ကမန်းကတန်းလူးကာ အင်္ကျီတစ်ထည်ကို ကောက်စွပ်ရင်း အောက်ဆင်းလာတော့ ခြံထဲမှာ ထိုင်နေသော သင်္ကြန့် ကို တွေ့ ရသည်။
   “ဟေမာန်ရော မပါဘူးလား”ဆိုတော့
   “သူ ရှိုးပွဲ တစ်ပွဲရှိလို့  အလုပ်ရှုပ်နေတယ်။”တဲ့
   “နင် မလိုက်ပေးဘူးလား။ တော်ကြာ သူ တစ်ယောက်ထဲ ဖြစ်နေအုံးမယ်။”
   “ထားပါဟာ။ သူက ငါမပါလည်း ဖြစ်နေတာပဲ။ ၀ဿန် နင့် ဆံပင်ရှည်ကြီးက အရမ်းလှတာပဲ။ နောက်ပြီး ဆံသားလည်း ကောင်း တယ်။ ထူပြီး ဆင်းအိနေတာပဲ။ နင့်ဆံပင်ကို ဘယ်လို ထိန်းသိမ်းလဲ”
   “အမယ်လေး သင်္ကြန်ရယ် နင်ကလည်း ယောကျာ်းလေး ဖြစ်ပြီး စပ်စုလိုက်တာ။ ငါက ဆံပင်ကို တရော် ကင်ပွန်းနဲ့  အမြဲ လျှော် တာ။  နောက်ပြီး ဆံပင်ကို အမြန် ခြောက်အောင် ဆိုပြီး Dryer တွေဘာတွေ မဆွဲ ဘူး။ Dryer က အမြဲ သုံးရင် ဆံပင် ပျက်စီးတယ်ဟ။ ဒါကြောင့် ခေါင်းလျှော်ပြီးရင် ခြောက်အောင် တဘက် နဲ့ သုတ်ရတာ လက်ကို ညောင်းရောပဲ။ ခေါင်းတစ်ခါလျှော်တိုင်း ဆံပင် ကို ယောကျာ်းလေးလို အတိုညှပ်ပစ် ချင်စိတ်ပေါ်မိတယ်။ ဒါပေမဲ့ ဆံပင်လည်း ခြောက်ရော လက်ညောင်းတာလည်း မေ့သွားရော။ ဟင် .. နင် ငါ့ကို ဘာကြည့်နေတာလဲ သင်္ကြန်”
   “နင့်လိုမျိုးပဲ ဟေမာန်လည်း ညည်းဖူးတယ်။ သူ ခေါင်းလျှော်ပြီးတိုင်း ခံစားရတာဆိုပြီး စောစောက နင်ပြောတဲ့အတိုင်းပဲ။ ဒါပေမဲ့ သူ့  ဆံပင်တိုတိုလေးကို ဆိုင်မှာလျှော်တယ်ဆိုပြီး ငါ့ဆီကို Email ပို့ တော့ ဘာလို့  အဲဒီလို ပြောရတာလဲ”
   ဘုရားရေ - ဒုက္ခတော့ ရောက်ပြီ။ တကယ်တမ်းမှာတော့ Email ပို့ သူဟာ ၀ဿန်သာဖြစ်တာမို့  စာထဲ မှာ ရေးသမျှသည် ၀ဿန့်  ခံစားချက်သာ ဖြစ်နေတတ်သည်။ သင်္ကြန်များရိပ်မိသွားလားလို့  အကဲ ခတ်တော့ ဇဝေဇ၀ါ မျက်ဝန်း များနှင့် သင်္ကြန်ကို တွေ့ ရသည်။
   “၀ဿန် နင့်ဆံပင်လေးတွေကို ခဏလောက် နမ်းချင်တယ် ရမလား။”
   သင်္ကြန်ဟာ နိုင်ငံခြားမှာ အနေကြာလာလို့ လား မသိ အပြောအဆို ရဲတင်းလှသည်။ ခုလည်း သူမဆီမှ စကား ပြန်မရခင်မှာပင် သူမ ဆံပင်တထွေးကြီးကို နမ်းရှိုက်နေခဲ့ပြီ။ ကြာရင် ခက်ရချည်ရဲ့ သင်္ကြန်ရယ်။ နင့်အပေါ် ယိုင်နဲ့ နေတဲ့ ငါ့စိတ်တွေကို နင်မမြင်နိုင်ပါဘူးနော်။
   နင့်ကို နှစ်ပေါင်းများစွာ အာပေးခဲ့တာ၊ အဖော်လုပ်ပေးခဲ့တာ ဟေမာန်မဟုတ်ပဲ ငါဆိုတာ သိရင် နင် ဘယ်လိုများ နေမလဲလို့  သိချင် ပါရဲ့။ ဒါပေမဲ့ နင့်ရဲ့ စိတ်ကို လွှမ်းမိုးသွားနိုင်လောက်အောင် ငါက မလှ ဘူးလေ။ ငါတို့ ပြန်ဆုံကြ တော့ နင့်ဆီ Email တွေ ပို့ နေတာ ငါရယ်လို့  မပြောနိုင်ခင်မှာပဲ နင်က ဟေမာန့်  ကို ရွေးချယ်ခဲ့ပြီ။ တကယ်လို့  နင်သာ ငါတို့ နှစ်ယောက်လုံးကို အတူတူ သဘောထားမယ်ဆိုရင် နင် ပျော် ရွှင်အောင် Email တွေ ပို့ နေသူဟာ ငါပဲရယ်လို့  ပြောပြမလို့ ပါ။ ဒါပေမဲ့ နင်က ငါ့ထက်လှတဲ့ သွက်လက် တဲ့ ဟေမာန့်  ကို ရွေးချယ်ခဲ့ပြီပဲ။ ငါ ဘာများပြောနိုင်မှာလဲ သင်္ကြန်ရယ်။
   ဒါပေမဲ့ ရင်နာဖို့ ကောင်းတာက နင်တို့  ချစ်သူဖြစ်ပြီး နောက်ပိုင်း ပို့ တတ်တဲ့ Email တွေထဲမှာ နင်ဟာ Email တွေကြောင့် သံယောဇဉ်တွယ်ခဲ့ရတဲ့ ဟေမာန့် ကို ရွေးချယ်ခဲ့တာလို့  သိရချိန်မှာ ငါ အရမ်း ခံစားခဲ့ရ တယ်။ အခုချိန်ကျမှ နင့်ဆီကို အမြဲတမ်း ဆက်သွယ်နေခဲ့တာ ဟေမာန်မဟုတ်ပဲ ငါပါလို့  ၀န်ခံလို့  ဖြစ် မယ်တဲ့လား။
   ဟေမာန်ရဲ့ နင့်အပေါ်ထားတဲ့ သဘောထားကို သိနေတော့ ပိုပြီး ရင်လေးမိတယ်။ ဟေမာန်ဟာ ချမ်းသာ ချင်တယ်။ ဒါကြောင့်လည်း သူ့ အလှကို ကိုးကွယ်တဲ့သူတွေထဲက အရမ်းချမ်းသာတဲ့လူကို ရွေးချင်ခဲ့တယ်။ အဲဒီအချိန်မှာ နင်ပြန်ရောက်လာခဲ့တာပဲ သင်္ကြန်။ ဟေမာန်က နင့်ဆီမှာ သူလိုချင်တဲ့ ရုပ်ဆင်းအင်္ဂါ၊ ဂုဏ် ပကာသန၊ စည်းစိမ်ဥစ္စာ၊ ချစ်ခြင်းမေတ္တာတွေ အားလုံးရှိတော့ နင့်ကို သူ ဘယ်လိုမှ အဆုံးအရှုံး မခံနိုင် ဘူးလေ။
   သူအရှုံးမပေးနိုင်ဘူးလို့  ကြီုတင် စိန်ခေါ် သတိပေးထားတဲ့ကိစ္စမှာ ငါက ဘာများပြောခွင့်သာမှာလဲ သင်္ကြန် ရယ်။ နင့်ကို ချစ်ခြင်းနဲ့ သာ ကျေနပ်နေမဲ့သူက ၀ဿန်ဆိုတဲ့ ငါရယ်ပါ။
   တို့ သူငယ်ချင်း ၃ယောက်ဟာ နာမည်တွေထဲကလိုပဲ ရာသီ ၃ပါးမှာ မွေးခဲ့ကြတဲ့ လပိုင်းပဲ အသက်ကွာခြား တဲ့သူ တွေပဲ။ သင်္ကြန် ဆိုတဲ့ နင့်ကိုတော့ သင်္ကြန် အတက်နေ့ မှာ မွေးဖွားခဲ့တယ်နော်။ ငါ့ကိုတော့ မိုးတွေ အရမ်းသည်းတဲ့ ညဦး မှာ မွေးဖွားခဲ့လို့  မိုးဝဿန် လို့  အမည်တွင်ခဲ့ပြီး ဟေမာန့် ကိုတော့ နှင်းတွေဝေ တဲ့ ဆောင်းတွင်းရဲ့ မနက်ခင်းမှာ မွေးဖွားခဲ့ လို့  ဆောင်းဟေမာန် လို့  အမည်တွင် ခဲ့တာနော်။
   သင်္ကြန်တွင်းမှာ မွေးတဲ့ နင့်အတွက် ရည်စူးပြီး ငါလေ သင်္ကြန်ရောက်တိုင်း ရိပ်သာဝင်တယ်။ ဥပုသ် စောင့်တယ်။ ပြီးရင် နှစ်ဆန်း တစ်ရက်နေ့ မှာ နင့်ကိုယ်စား ငါ သွေးလှူပေးခဲ့တယ်။ အဲဒီလို နှစ် တိုင်းလုပ်ပေး ခဲ့တာ ခုဆိုရင် ၃နှစ်ပြည့်ခဲ့ပြီ။ ဒါကလည်း ငယ်ငယ်တုံး က ကျန်းမာရေး မကောင်းတဲ့ နင့် အတွက် ငါ့ရဲ့ တတ်နိုင်သမျှ ကုသိုလ်ပြုပေးခြင်းပဲ။
  ဒါပေမဲ့ ဒီနှစ် နင်ကိုယ်တိုင် ရန်ကုန်မှာ ရှိတာဆိုတော့ ငါ ပိုပျော်မယ် ထင်ပါတယ်။ နင်နဲ့ ဟေမာန် သင်္ကြန် မှာ ဘယ်ကို လျှောက်လည် မလဲ ဆိုတာ မသိပေမဲ့ ငါကတော့ ထုံးစံအတိုင်း ရိပ်သာဝင်ဖို့  စီစဉ်နေခဲ့ပြီ။
                                   x              x          x             x         x
      ဟေမာန်နှင့် သူ့ ကြားမှ ဆက်ဆံရေးကို တနေ့ တခြား စိတ်ပျက်လာမိသည်။ သူ နိုင်ငံခြားမှာ ရှိစဉ်က အမြဲတမ်း တဖွဲ့ တနွဲ့ ရေး တတ်သော စကားလုံးများကြားမှာ ကျဆုံးခဲ့သောသူက မြန်မာပြည်ပြန်ရောက်ချိန် မှာ ချစ်သူနှင့် ချိုသောစကားများ ပြောချင်ပေမဲ့ မျက်နှာချင်းဆိုင်ဆုံပြီး တွေ့ လိုက်တိုင်းမှာ ဦးတည်ရာ မတူသော မြှားနှစ်စင်းပမာ သိပ် အဆင်မပြေလှ။
  စာလုံးများလောက် ချိုသာ နွေးထွေးမှု မရှိသော ချစ်သူကို တခါတလေ စိတ်ပျက်မိ သည်။ နေ့ ခင်းတွေ့  ချိန်မှာ ပြောဆိုရသော စကားများ အဆင်မပြေသလောက် ညဖက်ရောက်တိုင်း ဖတ်ရသော ချစ်သူ့ စာများ က  သူ့ ကို ညွတ်ပြောင်း နူးညံ့စေပြန်သည်။
   နေ့ တိုင်း Email  ပို့ နေကျ အလေ့အကျင့်ကို မစွန့် နိုင်စွာနဲ့  ဆက်လက် ကျင့်သုံးနေတာကလည်း သူတို့  ချစ်သူ နှစ်ဦးထဲသာ သိနိုင်သော ကြည်နူးမှု ဖြစ်သည်။ ဟေမာန် စကားလုံးများနှင့်အတူ သူ့ ရင်ကို လှုတ်ခတ် စေတာကတော့ ၀ဿန့် ရဲ့ မျက်ဝန်းလေး များဖြစ်သည်။ ရွှမ်းစိုနေသော မျက်ဝန်းအကြည့်တစ် စုံအောက်မှ စိတ်တို့ ကို သူ မဆန်းစစ်ရဲခဲ့။ ငယ်စဉ်ထဲက တွယ်တာခဲ့ရသော သူငယ်ချင်းလေး ထိခိုက်နစ်နာ သွားမှာကို သူ မလိုလားခဲ့။ သို့ သောလည်း ထိုမျက်ဝန်းများ၏ နွမ်းဖျော့သော အပြုံးတို့ က သူ့  ကို အေး ချမ်းစေသည်။ ဟေမာန့် ကို ချစ်သလို ပူလောင်ခြင်းမရှိပဲ အေးမြသော မေတ္တာကို အပြုံးများ၊ မျက်ဝန်းများမှ တဆင့် ခံစား သိရှိခဲ့ရသည်။ ဟေမာန်ရဲ့ သ၀န်တို စကားများက ၀ဿန့် ကို ထိခိုက်စေမှန်းသိတော့ သူ စိတ်ဆိုးရပြန် သည်။
   သူနှင့် ဟေမာန့် ကို စေ့ စပ်ပေးဖို့  လူကြီးတွေက စီစဉ်ခဲ့ကြသည်။ တကယ်တမ်း ပျော်ရွှင်သင့်သော ကိစ္စဖြစ်ပါ ရက် မပျော်နိုင်သူမှာ သူပဲဖြစ်သည်။ ဒါကြောင့်ပဲ စေ့စပ်ပွဲအတွက် ဟေမာန်တို့  ၀တ်စုံ ချုပ်သောနောက်ကိုလိုက်မသွားပဲ အိမ်မှာ ကျန်နေခဲ့သည်။
   ထိုအချိန်မှာ သူ သတိရမိတာကတော့ သူတို့  ငယ်ငယ်က ဆော့ကစားကြသည့် ရေမြောင်းကြီး သူ့ ကို သတိရတိုင်း ဟေမာန်က စက္ကူလှေလေးများလုပ်ကာ မျောလေ့ရှိသတဲ့။ အတွေးထဲမှာပင် စက္ကူလှေလေးတွေ လွှတ်နေသော ဟေမာန့် ပုံကို မြင်ယောင် လာအောင် ဟေမာန်က စာရေးကောင်းလေ သည်။
   ဒါကြောင့်ပဲ ခြံအနောက်ဘက် ချောင်းလေးဘေးသို့  သူ ရောက်ခဲ့ကာ ငယ်စဉ်က သူတို့ ၃ယောက် ဆော့ ခဲ့ကြတာကို ပြန် လည်မြင်ယောင်ရင်း လွမ်းဆွတ်လာမိသည်။ မျက်ဝန်းများကို မှေးမှိတ်စဉ်းစားမိတော့ ၀ဿန့် မျက်နှာကိုပါ  မြင်ယောင်လာသည်။ ခုတလော ၀ဿန် သူ့ ကိုရှောင်နေသည်ဟု ထင်မိသည်။      
   တွေ့ လိုက်တိုင်းမှာလည်း ညှိုးငယ်သော မျက်နှာခပ်နွမ်းနွမ်းရယ်။ ၀ဿန့်  ရင်မှာ ဒဏ်ရာရအောင် သူ လုပ်ခဲ့မိပြီလား။
   မျက်ဝန်းများကို ပြန်ဖွင့်သည့် အခိုက်မှာ မြင်ရတာက သူ့ ရှေ့ ချောင်းရိုးမှာ မျောပါလာသော စက္ကူလှေလေး များ။  လှေများကိုဆင်း ဆယ်တော့ ၀သန့် လက်ရေးဝိုင်းဝိုင်းများကို မြင်ရသည်။
   “သင်္ကြန့်  ကိုချစ်တယ်”တဲ့။
   “ပြောခွင့်မသာ၊ ချစ်ခွင့်မရှိ ကံဆိုးလှသည့် တို့  အဖြစ်”တဲ့လေ။
   လှေမျောလာရာလမ်းကို လှမ်းကြည့်လိုက်တော့ တဖက်ခြံမှာ သူ့ ကို ကျောပေးထိုင်နေသော ၀ဿန့်  ကို တွေ့ ရ သည်။ သူ ဒီဘက်ခြမ်းမှာရှိနေတာ ၀ဿန် သိပုံမရပေ။ အသာလျှောက်သွားမိတော့ စက္ကူလှေ များ ထိုင်ခေါက်နေသော ၀ဿန့် ကို တွေ့ ရသည်။
   “၀ဿန်”
   သူ့ အသံကြောင့် အလန့် တကြားထရပ်သော ၀ဿန့် လက်ကို အသာ လှမ်းဆွဲလိုက်မိသည်။
   “၀ဿန်ရယ်”
   တခြားဘာကိုမှ မပြောဖြစ်ပဲ သူမကိုသာ ရင်ခွင်ထဲထည့်ပြီး တင်းကျပ်အောင်ဖက်ထားမိသည်။ မမျှော်လင့် ပဲ သူငယ်ချင်းတစ်ယောက် ရဲ့ တိတ်တခိုး အချစ်ကို သိခွင့်ရလိုက်လို့  စိတ်မကောင်းသလို ဘာပြောရမှန်း လည်း မသိပေ။ သူ ဆယ်လာသော လှေလေး၂စင်းကို သူမ လက်ထဲထည့်လိုက်တော့ ရှက်ရွံ့ စွာ ငိုကြွေးနေ ခဲ့သည်။ ငိုလို့ အားရတော့မှ ဘာမှ မဖြစ်သလို ကြိုးစားတည်ဆောက်ထားသော မျက်နှာနှင့်
   “ပျင်းရင် ဒီလိုပဲ လှေလေးတွေ လာလာလွှတ်တာ အကျင့် ဖြစ်နေပြီ။ ”
   “ဘာလဲ ဟေမာန်နဲ့ အတူ လာလွှတ်တာလား”
   “ဟင် မဟုတ်ပါဘူး။ ဟေမာန်က ဒီလို စိတ်ကူးယဉ်အလုပ်မျိုး ဘယ်တုံးက စိတ်ဝင်စားလို့ လဲ။ ”
   “ဒါဆိုရင် ငါ့ကို သတိရတိုင်း လှေလေးတွေ လာလာလွှတ်တယ်လို့  သူ ဘာလို့ ပြောရတာလဲ။ နင်လုပ်တာ ကို သူလုပ်တယ် လို့  ပြောတာလား။”
   “ဟင်” မျက်နှာရဲကနဲ ဖြစ်ကာ ရုပ်ပျက်သွားသော ၀ဿန့် ကို သူ သိပ်မသင်္ကာပေ။
   “ဟို. . ဟို . .  ငါ . . ငါမသိချိန်မှာ သူလာလို့ နေမှာပေါ့။ နင့်ကို လွမ်းတိုင်း သူ စာတွေရေးပြီး လှေလေးတွေ လာမျှောတယ်ဆိုတာ ဟုတ်မှာပေါ့။ ”
   “လှေလေးတွေမှာ စာပါတယ်လို့  နင့်ကိုဘယ်သူပြောလဲ။ ငါပြောတဲ့အထဲမှာ စာရေးတဲ့အကြောင်း မပါ ဘူးလေ။ ဒါပေမဲ့ ငါ့ဆီ ကိုရောက်လာတဲ့ Emailထဲမှာတော့ လှေလေးတွေကို စာရေးပြီးလွှတ်တဲ့အကြောင်း ပါတယ်။ ဘာလဲ။ နင့်ကို ဟေမာန်ပြောပြလို့ လား။ ”
   “ပြောဖူးတယ်ထင်တာပဲ။ အောင်မာ နင်ကများ ငါ့ကို မယုံသင်္ကာနဲ့  တရားခံစစ်လာစစ်နေတယ်။ တော်ပြီ ဘာမှမပြောတော့ဘူး။”
   အဲဒီအချိန်မှာပဲ သင်္ကြန့် ကို လိုက်ရှာသော ဟေမာန့် အသံကို ကြားရတာ ဖြစ်သည်။
   “သင်္ကြန် နင် ဒီမှာ ဘာလာလုပ် . . သြော် ၀ဿန်ပါ ရှိနေတာကိုး။ နေပါအုံး ဒီမှာ နင်တို့  ဘာလုပ်နေကြတာတုံး”
  “ဟို . . ”
   တခုခု ပြောရန်ကြံစည်နေသော ၀ဿန့် ရှေ့ မှ ဖြတ်ကာ
   “ဒီမှာ ၀ဿန်ရယ်လေ စက္ကူလှေလေးတွေ ထိုင်လွှတ်နေလို့  ငါ လာကြည့်တာ”
   “၀ဿန်ကတော့လေ စာရေးဆရာမလို့  မပြောရဘူး။ အရမ်းစိတ်ကူးယဉ်တာပဲ။ သူမို့ လို့  ပေါက်ပေါက် ရှာရှာ စဉ်းစားမိတယ်။”
    “ဟေမာန် ဆိုရင်တော့ ဒီလိုမလုပ်ဘူးပေါ့။ ဟုတ်လား။”
   “ဝေးသေးတယ်။ ဟေမာန်တို့ က စိတ်ကူးယဉ်ဆန်တာမျိုး စိတ်မ၀င်စားဘူး။ တခုခုဆို Do or Die ပဲ”
   သူ့ ရင်ထဲတွင် တစုံတရာ တင်းကျပ်သွားမိသည်။ မှားယွင်းနေပြီ။ တခုခုကတော့ အမှန်တကယ် မှား ယွင်း နေခဲ့ ပြီ။ ၀ဿန့် ကို လှမ်းကြည့်လိုက်တော့ ဟေမာန့် ကို တစုံတရာ လှမ်းပြောလိုဟန် ရှိသော မျက်ဝန်းများနှင့် လိုက်ကြည့်နေ တာတွေ့ ရသည်။ ၀ဿန့်  မျက်ဝန်းများကို ဟေမာန် မမြင်ခဲ့ပေမဲ့ သူ ကတော့ ကောင်းစွာ မြင်တွေ့ နေခဲ့သည်။
    သူတို့  ၃ယောက်ကြားမှာ တစုံတရာ မှားယွင်းစပြုနေပြီဆိုတာသိပေမဲ့ ဘာမှားယွင်းတာလဲ။ ဘယ်လို မှားယွင်းတာလဲ။ ဘယ်သူ မှားယွင်းတာလဲ သူ မသိနိုင်ခဲ့ပေ။ ထိုမှားယွင်းမှု နောက်ကွယ်တွင် ဆိုးရွား၍ ကြေ ကွဲစရာကောင်းသော နောက်ဆက်တွဲ ပါမလာပါစေနှင့်လို့ သာ သူ ဆုတောင်းမိတော့သည်။
                                                                   x           x            x         x            x
      ဘ၀မှာ အမြင့်မားဆုံးကိုသာလိုချင်သောဆန္ဒရှိသည့် သူမဘ၀မှာ ငယ်စဉ်ထဲက မပြည့်စုံခြင်းများနှင့်သာ ကြီးပြင်းခဲ့ရသည်။ ငယ်သူငယ်ချင်းများ ဖြစ်သော သင်္ကြန် နှင့် ၀ဿန့် မှာ ပြည့်စုံသလောက် သူမမှာတော့ ဆင်းရဲလွန်းလှသည်။
     ကျောင်းဖွင့်ရက်တွေ ရောက်တိုင်းမှာ သင်္ကြန်နှင့် ၀ဿန်ကောင်းမှုကြောင့် လူတန်းစေ့ ၀တ်နိုင်စားနိုင်ပြီး ကျောင်းတက်ခွင့်ကို ရရှိခဲ့ပေမဲ့ သူမကတော့ အလိုမကျခဲ့။ ဒါဟာ သူများရဲ့ စွမ်းအားနဲ့  ရပ်တည်ရတာမို့  စိတ်ထဲမှာ မ၀င့်မရဲ အမြဲ ခံစားရသည်။ ဒါပေမဲ့ သူမ ကံကောင်းခဲ့ပါသည်။ ဆင်းရဲသော၊ မပြည့်စုံသော သူမကို သင်္ကြန်က ၀ဿန်ထက် ပို၍ ဂရုစိုက်ခဲ့သည်။ ငယ်စဉ်ထဲက အချင်းချင်း စကားများ လို့  ရန်ဖြစ်ရင်တောင် သူမဘက်မှ အမြဲတမ်း ရပ်တည်ခဲ့တာမို့  ၀ဿန်မှာတစ်ယောက်ထဲ ဒေါသဖြစ်ရမြဲ။
     ငယ်စဉ် ကလေးဘ၀တွယ်တာမှုလေးတွေ ရှိနေစဉ်မှာပဲ သင်္ကြန့် အဖေက နိုင်ငံခြားမှာ တာဝန်ထမ်းဆာင် ရန် ပြောင်းရွှေ့ ဖို့  ဖြစ်လာခဲ့သည်။ ၀ဿန်ရော သူမပါ ငိုမဆုံးခဲ့။ ဒါပေမဲ့ ၀ဿန်က သူမထက် လူကြီးပိုဆန် သည်။ သူ့ ခံစားချက်ကို လူမသိအောင် မြိုသိပ်ထား တတ်သည်။ သင်္ကြန်ရှေ့ ရောက်လျှင် ဘာမှ မခံစားရသူ တစ်ယောက်ပမာ ဟန်ဆောင်ကောင်းကာ လိုအပ်တာတွေ လိုက်စီစဉ်ပေးတတ်သည်။
     ဒီလိုနှင့် သင်္ကြန် မြန်မာပြည်မှထွက်ခွာသွားတော့သည်။ ခွဲခွာခါနီးမှာ သူမအပေါ် ပိုဂရုစိုက်တတ်သော သင်္ကြန်က သူ့ ထုံးစံအတိုင်း သူမကိုသာ ခေါင်းစဉ်တပ်ကာ စာမှန်မှန်ရေးဖို့  Email ပို့ ဖို့  မှာနေတာမို့  သူမတောင်ကြားထဲမှ ၀ဿန့် ကို အားနာမိသေးသည်။ ၀ဿန်ကတော့ ထုံးစံအတိုင်း ခွင့်လွှတ်အပြုံးနှင့် သင်္ကြန့် ကို ငေးနေခဲ့သည်။
     သင်္ကြန် ထွက်သွားခါစမှာ မနေတတ် မထိုင်တတ်လောက်အောင် သတိရခဲ့ပြီး တစ်ပါတ်လောက် ရှိချိန်မှာတာ့ သူမ တည်ငြိမ်သွားခဲ့ပြီ။ သတိရလှချည်ရဲ့လို့  တဖွဖွ ဖြစ်မနေတော့။ အကြောင်းတိုက်ဆိုင် ရင်တော့ လည်း အတူနေခဲ့ဖူးသော သံယောဇဉ်ကြောင့် သတိရတတ် သည်။ ဒါကလည်း သူမ အကျင့်သာ ဖြစ်သည်။
     သင်္ကြန့် ဆီက Email ရောက်လာတော့လည်း ပထမဆုံးနေ့ က ၀ဿန်ခေါ်လို့  သွားဖတ်ဖြစ်တာ ကလွဲလို့  နောက်ထပ် မရောက်တော့ပါ။ ကိုယ်ပိုင်မဟုတ်သော သူများပစ္စည်းကို မသုံးချင်သည့် မာနနဲ့ ပဲ သင်္ကြန်ဆီ Email ပို့ ဖို့  သူမ ငြင်းဆန်ခဲ့ သည်။ နောက်ပိုင်းမှာ ၀ဿန်က လှမ်းခေါ်ပေမဲ့ သူမက မသွားခဲ့။ ၀ဿန့်  ပြန်ပြောပြမှုကြောင့်သာ သင်္ကြန် အကြောင်းများကို သူမ သိခွင့် ရခဲ့သည်။ သင်္ကြန် စိတ်ချမ်း သာအောင် ဟေမာန့် နာမည်နှင့် ၀ဿန် Email များ ပို့ နေ တတ်ကြောင်းကို သိခဲ့ရသည်။ ဒီလိုနဲ့ ပဲ သင်္ကြန့် ကို သူမ မေ့မေ့ ပျောက်ပျောက် ရှိနေခဲ့သည်။
     ဆယ်တန်း အောင်ပြီးချိန်မှာတော့ အလှအပကို မြတ်နိုးကိုးကွယ်တတ်သော သူမက မော်ဒယ်သင်တန်း တက်ဖို့  ရွေးချယ်ခဲ့သည်။ သူမ တက်ရောက်ချင်သော သင်တန်းအတွက် ငွေကြေးနှင့် မိဘတို့ ၏ ခွင့်ပြုချက် ကိုတော့ ၀ဿန့် အကူအညီနှင့် ရရှိခဲ့တာ ဖြစ်သည်။ ၀ဿန်ကလည်း အိမ်မှာ နေရင်း သူမ ၀ါသနာပါရာ ၀တ္ထုတိုလေးတွေ ရေးရင်းမှ လမ်းစရကာ လုံးချင်းလောကသို့  တစစနှင့် တိုးဝင်လာချိန် မှာပဲ သူမက လည်း မော်ဒယ်လောကမှာ နေရာတစ်နေရာရစပြုလာခဲ့ပြီ။ ဦးတည်ချက်ချင်းမတူသော သူမတို့ နှစ်ယောက် တဖြည်းဖြည်း ဝေးကွာလာကြသည်။
    သူမကတော့ သူမ အလှအပကို ကိုးကွယ်သောသူများ၏ အပြောများကြားတွင် ယစ်မူးစ ပြုလာ ခဲ့ပြီ။ နောက်ပြီး သူမက ချမ်းသာချင်သည်။ သူမ ရှာဖွေ၍ ရရှိသော ပိုက်ဆံသည် အ၀တ်အစားနှင့် အသုံး စရိတ်ဖိုးလောက်သာ ကာမိသည်၊ ဆဲလ်ဖုန်းမကိုင်နိုင်၊ ကိုယ်ပိုင် ကားမစီးနိုင်သေး။ ဒါကြောင့်ပဲ သူမ ဘ၀ကို မြှင့်တင်ပေးနိုင်မည့်သူကို ရွေးချယ်နေဆဲ။ ထိုအချိန်မှာပဲ သင်္ကြန် ပြန်ရောက်ခဲ့ တာ ဖြစ်သည်။
     သင်္ကြန့် ကို မြင်မြင်ချင်းမှာပဲ အလှအပမက်သော သူမထုံးစံအတိုင်း နှစ်သက်ခဲ့လေသည်။ နောက်ပြီး သင်္ကြန်နောက်ကွယ်တွင် ပါလာမည် ဖြစ်သော ပိုင်ဆိုင်မှုများ၊ ဂုဏ်အရှိန်အ၀ါများအရာအားလုံးသည် သူမအတွက်တော့ စိတ်ဝင်စားစရာသာဖြစ်နေတော့သည်။
     ကံကောင်းချင်တော့ မြင်မြင်ချင်း သင်္ကြန် ရွေးချယ်ခဲ့သူမှာ သူမ ဖြစ်နေတာမို့  သူမဘက်က ဘာမှမကြိုးစားလိုက်ရပါ။ ထင်ထားတာ ထက် စော၍ပင် သင်္ကြန်က သူမကို ချစ်ခွင့်ပန်ခဲ့သည်။ သင်္ကြန့် စကားများမှာ ကြည်နူးနေမိသော သူမသည် Email များမှ တဆင့် သူမ ကို ချစ်ခဲ့ရပါသည်ဆိုသော စကားကြောင့် အပြည့်အ၀မပျော်နိုင်ခဲ့။ ခုချိန်ကျမှ သင်္ကြန့် ကို Email တွေ ပို့ နေသူဟာ ၀ဿန် ဖြစ်ကြောင်း ၀န်ခံရမည်တဲ့လား။ မဖြစ်နိုင်ပါ။ ၀ဿန့် လက်ထဲသို့  သင်္ကြန့် ကို အပါမခံနိုင်ပေ။
     ချစ်သူ ဖြစ်ပြိးချိန်မှ သိခွင့်ရတာကတော့ သင်္ကြန်ဟာ အရာရာကို အသေးစိတ်ဂရုစိုက်နိုင်လွန်းတာပါပဲ။ ဘယ်ကိစ္စကိုမဆို အလေး အနက်ထားကာ တခုခုလွဲမှားတိုင်း မသင်္ကာသလို ကြည့်နေတတ်သည်။ ထိုအခါ များမှာ သူမမှာ ပြန်လည်ဖာထေး ပြင်ဆင်ရတာ တစ်ခုပဲ စိတ်မောရသည်။
     သင်္ကြန်နှင့် စေ့စပ်ရတော့မည်ဆိုချိန်မှာတော့ အရာရာကို သူမဘက်က စိတ်ချသွားခဲ့ပြီ။ အရင်က သူငယ်ချင်းများနှင့် ပြန်လည် တွဲဖြစ်ခဲ့သည်။ သင်္ကြန်က သူမလို အပျော်အပါးဝါသနာမပါတာမို့  သူနှင့်ယူပြီး လျှင် အပြင်တောင်ထွက်ရပါ့မလား မသိပေ။ သူနှင့်အတူ တွဲသွားတိုင်းမှာလည်း သူပြောတာနှင့် ကိုယ်ပြောတာက ဘယ်လိုမှ အစပ်အဟပ် မတည့်ခဲ့။ သူကအားရင် Email ထဲက အကြောင်းတွေပဲ ပြန်မေးမေး နေတာမို့  သူမ စိတ်မရှည်နိုင်ခဲ့ပါ။
     ခုတလော သင်္ကြန့် ကို မခေါ်ပဲ တစ်ယောက်ထဲသာ အပြင်ထွက် ဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ သင်္ကြန်နှင့် ၀ဿန့် တို့  ပိုမိုနီးစပ် စေခဲ့လေ သလား မသိပါ။
                                                               x x x x x x x
     သူ့ ရင်ထဲမှ မတင်မကျ ခံစားမှုတို့ ကို ဆန်းစစ်ဖို့  အချိန်တန်ပြီထင်ပါသည်။ ဒါကြောင့်ပဲ စေ့စပ်ပွဲကို မတ်လမှ မေလ သို့  ပြောင်းရွှေ့ ပေးပါရန် ဖေဖေနှင့် မေမေ့ကို အသည်းအသန် တောင်းပန်ရသည်။ အကြောင်းပြချက် မရှိသော သူ့ ကို မကျေနပ်ပေမဲ့ အလိုလိုက်နေကျ ထုံးစံအတိုင်း ခွင့်ပြုပေးခဲ့တာ မို့  ကျေးဇူး အထူးတင်ရပါသည်။
     သူရဲ့ သတို့ သမီးလောင်းကတော့ ကျေနပ်မှာမဟုတ်မှန်းသိပေမဲ့ မတတ်နိုင်ပါ။ စွန့် စားမှုတစ်ခုခု ကိုတော့ ပြုရပါတော့မည်။ သင်္ကြန် မှာ ရေပက်ခံထွက်ဖို့  သူတစ်ယောက်ထဲ ကျိတ်ပြီး စီစဉ်နေခဲ့ သည်။ ဟေမာန့် ကိုရော၊ ၀ဿန့် ကိုပါ အသိမပေးခဲ့။ သင်္ကြန်ကျဖို့  နှစ်ရက် အလိုမှ နှစ်ယောက်လုံး ကို ခေါ်ကာ
     “သင်္ကြန်အကျနေ့ မှာ လျှောက်လည်ဖို့  ကားငှားပြီးပြီ။ နင်တို့ နှစ်ယောက်စလုံး ငါနဲ့ လိုက်မယ် မဟုတ်လား။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ကို မခံစားရတာ ကြာပြီ။”
    “သိပ်ကောင်းတဲ့ အစီအစဉ်ပဲ သင်္ကြန်။ နင်က အဲဒါလေးတွေ ချစ်ဖို့ ကောင်းတာ။ ငါက သင်္ကြန် ဆိုရင် လျှောက်လည်ချင်ပေမဲ့ အိမ်က စိတ်မချလို့  မလွှတ်တော့ နေ့ တ၀က်ထက် ပိုမလည်ရဘူး။ ဒီနှစ် နင်နဲ့  ဆိုရင်တော့ ငါလျှောက်လည်လို့ ရပြီပေါ့။”
      ဟေမာန်ရဲ့ စကားသံနှင့် ထပ်တူပဲ ၀ဿန်က
      “ငါ မလိုက်နိုင်ဘူး”
     “နင်က ဘာလို့ မလိုက်နိုင်ရတာလဲ။ ဘယ်သွားစရာရှိလို့  ငါနဲ့  မလိုက်ရတာလဲ။”
     “ဟို လေ. . . . ငါ လိုက်လို့  မရဘူး။ နောက်ပြီး သိပ်နေမကောင်းတော့ လိုက်လို့  မဖြစ်ဘူးဟ”
     “၀ဿန် မလိုက်ချင်လည်း နေပါစေဟာ။ အတင်းမခေါ်ပါနဲ့ ။”
    “သင်္ကြန်ကလည်း ဟေမာန်ပါရင် ပြီးရောပေါ့”
     သင်္ကြန့် နှုတ်ခမ်းမှာ အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။ ဟေမာန်နှင့်အတူလည်ပတ်နေပေမဲ့ သင်္ကြန့် မျက် ၀န်းများ ဘာကြောင့် မရွှင်လန်းခဲ့ပါသလဲ။ ဟေမာန် နားမလည်နိုင်ခဲ့။
      ဘောင်းဘီတို အတိုပွလေး ၀တ်ထားပြီး တီရှပ်ကျပ်ကျပ်ကို ၀တ်ထားသော သူမရဲ့ ၀တ်စားမှုကို မကြိုက် လို့ များ လား။ အမိုးဖွင့် ဂျစ်ကားပေါ် တက်လာသော ဟေမာန့် ကို စိုက်ကြည့်နေသော သင်္ကြန့် မျက်ဝန်းများ က အေးစက်နေခဲ့သည်။ သံယောဇဉ် မပြတ်သလို ၀ဿန့် အိမ်ဖက် လှည့်ကြည့်နေတာကြောင့် . . . .
     “၀ဿန့် ကို နင်ခေါ်ချင်ရင် သွားခေါ်လေ”
     "သွားပြီးပြီ။"
     “မလိုက်ဘူးတဲ့ လား။”
     “အင်း၊ လူစုံပြီ သွားကြစို့ ”
     ရေပက်ခံ မဏ္ဍပ်တွေ ရောက်တိုင်း ဟေမာန်က သင်္ကြန့် ရင်ခွင်ထဲပ၀ါခြုံရင်း ရေဒဏ်ကာကွယ်မိပေမဲ့ သူမကို ဖက်ထားသော သူ့ လက်များမှာ အားမပါသလို မနွေးထွေးခဲ့ဟု ဟေမာန် ခံစားရသည်။ ၀ဿန် မလိုက်နိုင်လို့ စိတ်မကောင်း ဖြစ်နေတာလား ဟု တွေးရင်း သ၀န်တိုရပြန်သည်။
     ဒီလိုနဲ့  သင်္ကြန် ရေလည်ခံပြီး ညနေဖက် အိမ်ပြန်ရောက်လာကြပေမဲ့ နှစ်ယောက်လုံး သိပ်မပျော်ခဲ့။ အိမ်ရောက်တာနှင့် ၀ဿန့် အိမ် ကူးသွားသော သင်္ကြန့် ကို မနာလိုစွာ ကြည့်ရင်းနဲ့ သာ အိမ်ပြန်လာရသည်။
     သင်္ကြန်အကြတ်နေ့ မှာ လျှောက်လည် ဖြစ်တော့လည်း သိပ်အဆင်မပြေခဲ့။ သင်္ကြန် မျက်ဝန်းများ ပိုမို မှုန်မှိုင်း နေခဲ့သည်။ သူမကို သိနေသော ကောင်လေးအချို့ ၏ စနောက်မှုကြောင့်လား။ သူမ၏ ၀တ်စားဆင် ယင် မှုအတွက် သူမကို သ၀န်တိုစွာ ပြောမည်ထင်သော် လည်း သင်္ကြန်က တစ်ခွန်းမှ မမေးခဲ့ မပြောခဲ့ပါ။
       နောက်နေ့  မနက်မှာတော့ သင်္ကြန် စိတ်ဆိုးများလည်းပြေအောင် အံ့သြပျော်ရွှင်သွားရန် ရည်ရွယ်ပြီး မနက် အစောကြီး သင်္ကြန့် အိမ်သို့ ရောက်ခဲ့သည်။ ဒီနေ့  သင်္ကြန်အတက်နေ့  သင်္ကြန့် မွေးနေ့ လေ။ မွေးနေ့  ကိတ်ကို သူငယ်ချင်းတစ်ယောက်ကို အနိုင်ကျင့်ပြီး အတင်းလုပ်ခိုင်းထားခဲ့ရတာ။ ဈေးပိတ်ရက် ဆိုင်တွေ ပိတ် ရက်ဖြစ်နေတာမို့  ဘာမှ ၀ယ်လို့ မရပါ။
      သင်္ကြန့် အတွက် ကိတ်မုန့် ကိုပေးရင်း အိပ်ရာမှနှိုးရမည် ထင်ပေမဲ့ ဟေမာန်ရောက်ချိန်မှာတော့ သင်္ကြန်က အိမ်ရှေ့ က ဒါန်းမှာ ထွက်ထိုင်နေခဲ့ပြီ။
     “Happy Birthday သင်္ကြန် ”
     “Thank you ဟေမာန်၊ ဒါနဲ့  နင့် လက်ထဲက ဘာကြီးလဲ။”
      “နင့် အတွက် မွေးနေ့ ကိတ်လေ”
     ဟေမာန်ဘူးကို ဖွင့်ပြလိုက်တော့ အဖြူရောင် အသည်းပုံပေါ်မှာ အနီရောင် စာတန်းရေးထိုး ထားသော မွေးနေ့ ကိတ် ထွက်လာခဲ့ သည်။ ကိတ်မုန့် ဘူးကို အိမ်ထဲဝင်ထားပြီး ထွက်လာတော့
     “၀ဿန်လာရင် ကိတ်မုန့် လှီး စားကြမယ်နော် သင်္ကြန်”
     “သူ လာမှာ မဟုတ်ဘူး။ သူ့ ကို မစောင့်နဲ့ တော့”
     “၀ဿန်က နင့် မွေးနေ့ ကို ဘာဖြစ်လို့  မလာရတာလဲဟ။ ဘာလဲ နင်တို့ နှစ်ယောက် ရန်ဖြစ်ထားကြ လား”
     “သူ့ အကြောင်းထားကွာ။ ငါတို့ နှစ်ယောက်ပဲ အေးအေးဆေးဆေး စကားပြောကြရအောင်”
     “ငါ မရှိတဲ့ နှစ်တွေမှာ ငါ့ မွေးနေ့ မှာ နင်တို့ တွေ ဘာလုပ်ကြလဲ”
     “အဟင်း . . . အမှန်အတိုင်း ပြောရရင် ဘာမှမလုပ်ဖြစ်ဘူးဟ။ နင်မှ မရှိတာ။ နင်ရှိရင်တော့ဟုတ် တာပေါ့။ မွေးနေ့ ရှင်မရှိပဲ မွေးနေ့ လုပ်ရတာ ပျင်းစရာကြီး”
     “သင်္ကြန်ကျရင် နင် ဘာလုပ်လဲ ဟေမာန်”
      “လျှောက်လည်တယ်။ ဒါမှမဟုတ်ရင် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ မဏ္ဍပ်မှာ ရေသွားပက်တယ်။ မနှစ်ကတော့ အေးဂျင်စီ တစ်ခုက ငှားလို့  အဲဒီ မဏ္ဍပ်မှာ ရေလည်းပက်ရတယ်။ ဖျော်ဖြေရေးလည်း လုပ်ပေးရတယ်။ လုံးဝ မအား ဘူး။ သင်္ကြန်တတွင်းလုံး ဘယ်မှ မရောက်တော့ဘူး”
       “နှစ်ဆန်း တစ်ရက်နေ့ ကျရင်ရော”
       “အဲဒီနေ့ ကျရင် ဘယ်မှ မသွားဖြစ်ဘူး။ သင်္ကြန်တတွင်းလုံး ကဲထားသမျှ ခြေကုန်လက်ပန်း ကျနေပြီ။ မောမောနဲ့  အိပ်တော့တာ ပဲ။ နေပါအုံး နင်က ငါ့ကို ဘာဖြစ်လို့  ဒီလောက်တောင် စပ်စုနေရတာ တုံး။”
       “OK ရပြီ။ လာ နင်နဲ့  ငါ ကိတ်မုန့်  သွားလှီးရအောင်”
         ပေါ့ပါး သွက်လက် လန်းဆန်းလာသော သင်္ကြန့် ပုံကို ကြည့်ပြီး ဟေမာန် ခုမှဟင်းချနိုင်သည်။ ခုမှပဲ သင်္ကြန့် ရဲ့ ပုံမှန် ပုံစံ ပြန်ရောက်တော့သလိုပင်။
          ဒါပေမဲ့ပေါ့လေ . . . . .
                                                           x x x x x
     ရိပ်သာမှ ထွက်လာတယ် ဆိုရင်ပဲ ဘုန်းကြီးကျောင်းအ၀င်ဝမှာ အိမ်ကလာကြိုသော ကားကို ကျောပေး ရပ်ထားတာ မြင်ရသည်။ မနက် ၉နာရီကျော်နေပြီမို့ 
     “ဆေးရုံကြီးကို တန်းမောင်းနော်။ တော်ကြာ နောက်ကျနေအုံးမယ်။ ”
     မျက်ဝန်းများကို မှေးမှိတ်ထားရင်း သူမ လိုက်ပါလာခဲ့သည်။ ငြိမ့်ကနဲ ကားရပ်သွားတာကြောင့် ဆေးရုံ ကြီးရောက်ပြီဆိုသော အသိနှင့် မျက်ဝန်းများကို ဖွင့်ကြည့်လိုက်တော့ ကားမောင်းသူ နေရာမှာထိုင်ရင်း သူမကို ပြုံး၍ကြည့်နေသော သင်္ကြန့် ကို အံ့သြ ဖွယ်ရာ တွေ့ ရသည်။
     “သင်္ကြန် နင် ဘယ်က ရောက်လာတာလဲ”
     “၀ဿန်ရယ် ငါသာလူဆိုးဆိုရင်လေ နင့်ကို ပြန်ပေးဆွဲသွားလို့ ရတယ်။ ကိုယ့်ကားပေါ် ရောက်ပြီဆိုတာနဲ့  ဘယ်သူမောင်းလဲဆို တာတောင် မကြည့်ပဲ လိုက်လာရလား”
     “ဦးလေးကြီးက ဘယ်သွားလို့  နင်က ကားမောင်းလာရတာလဲ။ နောက်ပြီး ငါ ဘယ်ရိပ်သာမှာရှိတယ်ဆိုတာ ဘယ်လိုသိလဲ”
     “ဘာမှ မေးမနေနဲ့ ။ လာသွားမယ်”
     “ဟင် နင်က ဘယ်သွားမှာလဲ”
    “ ၀ဿန်နဲ့ အတူ ကို့ မွေးနေ့ အတွက်ကုသိုလ်ရအောင် သွေးသွားလှူမလို့ ”
     သူမလက်ကိုဆွဲရင်းထွက်သွားတာကြောင့် သင်္ကြန့် နောက်မှ အပြေးတပိုင်းလိုက်လာရသည်။ သွေးလှူခဲ့ တာ အခုဆိုရင် ၄နှစ် ပြည့်ခဲ့ပြီ။ ဒီတခါကတော့ ၀ဿန့် အတွက် အပျော်ဆုံးပါပဲ။ သွေးလှူပြီးတော့ ဘုရား သွားသည်။ သင်္ကြန်မွေးနေ့ ကို ရည်စူးပြီး သက်စေ့ ငါးလွှတ်သည်။ ရေသက်စေ့ လှူသည်။
      “နင့် မွေးနေ့ မှာလုပ်ပေးချင်ပေမဲ့ သင်္ကြန်တွင်းမှာ ငါက ရိပ်သာဝင်နေတာဆိုနေတော့လေ။ အမြဲ တမ်း နှစ်ဆန်းတစ်ရက်နေ့ မှ နင့်အတွက် လုပ်ပေးရတယ်။ ဒါပေမဲ့ ငါ လုပ်သမျှ ကုသိုလ်ကို နင့်ကို ပေးပါ တယ်။ နင် ကျန်းကျန်းမာမာနဲ့  စာသင်နိုင်အောင်လို့ လေ”
       “ငါ သိပြီးသားပဲ ၀ဿန်ရယ်”
       “နင် ပြန်တော့ သင်္ကြန်။ ညနေကျရင် ငါ သွားစရာ ရှိသေးတယ်”
      “မပြန်ပါဘူး။ နင် သွားတဲ့နောက် ငါလည်းလိုက်မယ်။ ဒါပြီးရင် သက်ကြီး ပူဇော်ပွဲသွားမယ်။ဘိုးဘွားတွေ ကို ခေါင်းလျှော်၊ ခြေသည်း ညှပ်လုပ်ပေးမယ်။ ဟုတ်တယ် မဟုတ်လား။”
       “ဟယ် သူ့ လည်း ဘယ်သူမှ မပြောပဲနဲ့  ဘယ်လိုသိနေတာလဲ။ နောက်ပြီးခေါ်လည်းမခေါ်ပဲနဲ့  အတင်း အကျပ်လိုက်မယ် ဆိုတာကြီးပဲ”
        ညည်းညူသလို ပြောနေသော ၀ဿန့် အသံမှာ ကြည်နူးခြင်းတို့ အပြည့်။ အားလုံးပြီးစီးလို့  အိမ်ပြန်ကြတော့
       “၀ဿန် နင့်ကို လက်ထပ်ပါရစေ”
       “ဘာပြောတယ် သင်္ကြန်။ နင် ငါ့ကို နောက်နေတာလားဟင်”
       “မနောက်ဘူး ၀ဿန်။ ငါ့ဘ၀အတွက် လေးလေးနက်နက် ပြောနေတာ”
       “နင့်မှာ ဟေမာန်ရှိ နေပြီပဲ သင်္ကြန်ရယ်။ မဖြစ်နိုင်တော့ပါဘူးဟာ”
       “ဟေမာန့် ကို ငါ တကယ်မချစ်ဘူး ၀ဿန်။ ငါ တကယ်ချစ်တာက ငါ ထွက်သွားချိန်ကနေ ခုထိ ငါ့ဆီကို ဟေမာန် နာမည်သုံး ပြီး နေ့ တိုင်း Email တွေ ပို့ နေခဲ့တဲ့ ၀ဿန် ဆိုတဲ့ ကောင်မလေးကိုပဲ။ ကံကောင်းလို့  ငါ့ရဲ့ ရွေးချယ်မှု မှားတော့မလို့ ”
       “နင့် ဆီကို Email တွေ ပို့ နေတာ ငါပါလို့  နင့်ကို ဘယ်သူ ပြောတာလဲ။ ဟေမာန်လား”
       “မဟုတ်ဘူး။ ငါ့ဘာသာ တဖြည်းဖြည်း သိလာခဲ့တာ။ ငါ အကြီးအကျယ်အလိမ်ခံနေရပြီလို့  သိလာခဲ့တာ။ ဒါကြောင့်ပဲ ပိုပြီး သေချာအောင် သင်္ကြန် လည်ဖို့  စီစဉ်ခဲ့တာ။ အဲဒီအချိန်မှာ နင်တို့ ရဲ့ အလိမ်ဇာတ်လမ်းကြီး ပေါ်တော့တာ”
        “ငါ နင့်ကို မလိမ်ခဲ့ပါဘူး။ နင် မမျှော်လင့်တဲ့ ငါ့ရဲ့ စာထက် မျှော်လင့်နေတဲ့ ဟေမာန့် ရဲ့စာဆိုရင် ပိုပျော် မယ်ထင်လို့  ဟေမာန့်  နာမည်သုံးပြီး စာတွေ ပို့ ပေးခဲ့တာ။ နင့်ရဲ့ ပျော်ရွှင်မှုအတွက်ပဲ ငါ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ နင်နဲ့  ဒီလို အမြဲ တမ်းထိတွေ့ နေရတာကို ငါ မသိစိတ်နဲ့  ပျော်ရွှင်နေမိတယ်။ ဒါကြောင့်ပဲ ငါ့ဘ၀ အကြောင်း ငါ့ရဲ့ အပြုအမူ အလေ့အကျင့် လေးတွေကို ပြန်ပြောပြမိခဲ့တယ် ”
        “စာတွေ ရေးနေခဲ့တာ နင်ပဲဆိုတာ ပြောရောပေါ့ ၀ဿန်ရယ်”
        “ငါ ပြောဖို့  ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ နင်က ဟေမာန့် ကို ရောက်ရောက်ချင်း ရွေးချယ် ခဲ့တော့ ပြော ခွင့်မသာခဲ့ဘူး။ ငါက ဟေမာန့် လို မလှဘူးလေ ”
         “ဘာလို့ မလှရမှာလဲ။ နင့်အလှက မြန်မာဆန်ပြီးကျက်သရေရှိ တယ်။ မြင်ရသူကို အေးချမ်းစေ တဲ့တည်ငြိမ်တဲ့အလှမျိုး။ ဟေမာန့်  အလှလို မပူလောင်ဘူး။ နောက်ပြီး နင်က စိတ်ထားအရမ်းကောင်း တယ်။ ဒါ သူများနဲ့ မတူတဲ့ အလှ ပေါ့။ ကဲပါ အဖြေပေးတော့ကွာ”
        “ငါ မဖြေပါရစေနဲ့ ။ ဟေမာန့် အပေါ် သစ္စာမဖောက်ချင်ဘူး”
        “အဲဒီအတွက်တော့ ဘာမှ မပူနဲ့ ။ သူနဲ့  ငါ ဆွေးနွေးပြီးပြီ။ ငါ တကယ်ချစ်တာ ငါ့ဆီကို Email ပို့ နေကျ ကောင်မလေးလို့  သူ့ ကို ၀န်ခံခဲ့ပြီ။ Email ထဲက အကြောင်းအရာတွေနဲ့  သူနဲ့  ဘယ်လိုမှ ဆက်စပ် လို့ မရမှန်း သူလည်း သိသွားပါပြီ။ နောက်ပြီး သူက ၀ဿန့်  လို အစွဲအလမ်း မကြီးဘူး။ ဒီတော့ သင်္ကြန်ဆို တာကိုလည်း သူ့ ရင်ထဲက ခဏလေးနဲ့  ပျောက်သွားမှာပါပဲ။ မပျောက်မှာက အစွဲအလမ်း ကြီးတဲ့ ၀ဿန် ပဲ။ တော်ကြာ ငါ့ကို လွမ်းတိုင်း စက္ကူလှေလေးတွေ လွှတ်ပြီး ငိုနေမှာစိုးလို့ ”
     “သင်္ကြန်နော်။ သူများ အားနည်းချက်ကို အနိုင်မယူနဲ့ ။သင်္ကြန့် ကို ၀ဿန်က ဟိုး ငယ်ငယ်လေးထဲက ချစ်ခဲ့ရတာ ခုချိန်ထိပါနော်။”
     “၀ဿန်ရယ်”
     ခုချိန်မှာတော့ သူ့ ဘ၀သည် ပျော်ရွှင်ခြင်းများနှင့် ပြည့်စုံနေခဲ့ပြီ။ သူတို့ အိမ်ထောင်ကျပြီးလို့  သားသမီး များ ရလာခဲ့ရင်လည်း ကလေးများကို သူနှင့် ၀ဿန် အကြောင်းကို အိပ်ရာဝင် ပုံပြင်များအဖြစ် ပြောပြပါ အုံးမည်။ ၀ဿန်သည် သူ့ အတွက်တော့ Email ထဲ က နတ်သမီးလေး တပါးဖြစ်သည်လို့ လေ။
မေဇူး
၂၀၀၆ ခုနှစ်၊ ဧပြီလ ၊ မြင်ကွင်း မဂ္ဂဇင်း
Thursday, March 14, 2013
ဝေးလွင့် လိပ်ပြာ
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို ချစ်သူများနေ့  Valentine Day ရယ်လို့  အများကတင်စားသတ်မှတ်ခဲ့ကြတာ သိပ်မကြာသေးပေ မဲ့ သူ့ အတွက်ကတော့ နှစ်ပေါင်းများစွာကြာမြင့်သည့် ဟိုးအရင်အချိန်များထဲကပင် အမှတ်တရပေါင်းများစွာ၊ မမေ့နိုင်သောကိစ္စပေါင်း များစွာတို့ ကို ထိုနေ့ တွင် ဖြစ်တည်စေခဲ့သည်လေ။
 ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ကို  Valentine Day ရယ်လို့  မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ်မရှိသေးခင်၊ လွန်ခဲ့သောနှစ်(၃၀) ၀န်းကျင်ကာလ၏သက္ကရာဇ်တစ်ခုတွင် သူ့ ကို မွေးဖွားခဲ့သည်။
သူအရွယ်ရောက်လာသောအချိန်မှာတော့ သူ့ ဘ၀အတွက်ချစ်ခြင်းများကို သယ်ဆောင်လာပေးသော ကောင်မလေးတစ်ယောက် ကို ဆောင်းနှင်းဝေသော ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ၏ မနက်ခင်းတစ်ခုတွင် စတင်ဆုံတွေ့ ခွင့် ရစေခဲ့သည်။ မှတ်မှတ်ရရ သူတို့    နှစ်ဦးဆုံတွေ့ ခဲ့ပြီး တစ်နှစ်အကြာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ တွင်  သူချစ်သောကောင်မလေးထံမှချစ်အဖြေကို အမှတ် တရ မွေးနေ့ လက်ဆောင်အဖြစ် သူ ရရှိခဲ့သည်။
အတ္တမဲ့ခေါင်းစဉ်များအောက်မှ ကြေမွသွားသော နှလုံးသားများ
 တို့တစ်ကိုယ်လုံးမှာ အလှဆုံးအရာလို့ လူတိုင်းကတင်စားကြတဲ့ မျက်ဝန်းနက်နက်တောက်တောက်ပပတွေရဲ့ အကြည့်အောက် မှာမောင့်ရဲ့ ရင်ခုန်သံတွေ ဆူညံသွားစေခဲ့တယ်တဲ့လား။ တစ်ခုသော ခရစ္စမတ်မတိုင်ခင်ညတစ်ညမှာ ကာရယ်စင်းဂင်းလိုက် ဆိုတဲ့ တို့ရဲ့ အဖွဲ့နဲ့အတူ လိုက်ပါလာခဲ့တဲ့ တစ်ဦးတည်းသော မြန်မာကောင်လေးဟာ မောင်ဖြစ်နေခဲ့တာဟာ တို့နှစ်ယောက်တွေ့ဆုံခြင်းရဲ့ အစနော်။
     ကားတစ်စီးနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် သီချင်းတွေသီဆိုကြတဲ့အခါ အိမ်တစ်အိမ်ကို ဆင်းပြီဆိုရင် တို့အနားမှာ မောင်ရှိနေတတ် တာ။ ကားပေါ်ပြန်ထိုင်လိုက်တိုင်းမှာလည်း တို့ရဲ့ဘေးမှာထိုင်တတ်တာတွေဟာ တိုက်ဆိုင်မှုသာဖြစ်တယ်လို့ ယူဆပေမဲ့ ဒါတွေ ဟာ မောင့်ရဲ့ရွေးချယ်မှုတွေတဲ့လား။
အရိပ်မဲ့ နှလုံးသား
ဟိုးအဝေးဆောင်းနှင်းများကြားမှ ဖြတ်သန်းလာသောအရိပ်လေးတစ်ခုကို မသဲမကွဲ မြင်နေရသည်။ အနီးကပ်လာလေ၊ ပိုမိုပီပြင် လာသော စွဲလမ်းမြတ်နိုးမိသည့် ပုံရိပ်ငယ်တစ်ခု -
ရွှန်းလဲ့တောက်ပသောမျက်ဝန်းတစ်စုံကို မျက်တောင်ရှည်များကာရံထားကာ မျက်ခုံးမွှေး ထူထူတန်းတန်းတစ်စုံနှင့် နှုတ်ခမ်း ပါးလေးကိုဖွင့်ဟကာ ပါးချိုင့်ကလေးနှစ်ခုပေါ်အောင် ပြုံးရယ်နေသော ရွှေဝါရောင်အသားအရည်ပိုင်ရှင် ကလေးငယ်တစ်ဦး။ ကျွန်မ အမြဲတမ်းတနေမိသော ပုံရိပ်စစ်တစ်ခု ...
“မေမေရေ မေမေ ဘယ်မှာလဲ” လို့  တကြော်ကြော်ခေါ်ရင်းပေးလာတာ ကျွန်မနားကိုရောက်လာတာမို့  ဒူးထောက်ထိုင်ချပြီး သူမလေးကို ပြေးပွေ့ လိုက်မိပါတယ်။ ကလေးငယ်က ကျွန်မရင်ခွင်ထဲမှာ ခေတ္တငြိမ်သက်နေပြီးမှ ကျွန်မ မျက်နှာကို သေချာမော့ ကြည့်ရင်း
“ဟင် မေမေမှမဟုတ်ပဲ။ အန်တီပါ။ အန်တီကဘယ်ကလဲဟင်”
“ရပါတယ် ကလေးရယ်။ တို့ က ကလေးရဲ့ မေမေမဟုတ်ပဲ အန်တီဖြစ်နေမယ်ဆိုရင်တောင် ဒီလိုချစ်စရာကောင်းတဲ့သမီးမျိုးကို ခဏလေးဖြစ်ဖြစ် ပိုင်ဆိုင်ပါရစေနော်။”
အစီအစဉ်အဆက်အစပ်မရှိပြောလိုက်တဲ့ကျွန်မစကားကို နားမလည်သလိုနားထောင်ရင်း ကျွန်မရင်ခွင်ထဲက ရုန်းထွက်သွားတဲ့ ကလေးငယ်ကိုကြည့်ပြီး ဘာကြောင့်ကျွန်မကြေကွဲနေရတာလဲ။
“ပြန်လာခဲ့ပါကလေးရယ်။ အနှစ်နှစ်အလလက အန်တီလိုလားတမ်းတနေမိတဲ့စွဲလမ်းမှုတစ်ခုကို ကလေးနဲ့ အစားထိုး ဖြေသိမ့်ခွင့် ရနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲနော်။ ”
ရင်ထဲကစကားပေါင်းများစွာကို အသံတိတ်ပြောနေမိရင်း ပြေးထွက်သွားတဲ့ ကလေးငယ်နောက်ကို လိုက်ငေးကြည့် နေမိပါ တယ်။ ဟုတ်တယ်။ ကျွန်မချစ်သူကိုနဲ့ သာ လက်ထပ်ဖြစ်ခဲ့ရင် ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင် နိုင်မှာ ပဲလို့  ကျွန်မ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အဲဒီစိတ်ကူးနဲ့ ထပ်တူကျတဲ့ ကောင်မလေးကို ကျွန်မ အပြင်မှာမြင်လိုက်ရတာ။ ကြာတော့ ကြာခဲ့ပါပြီလေ။
ချစ်သူ့ တမ်းချင်း လွမ်းရင်းညည်းသော်
        ကိုယ်မြတ်နိုးတဲ့ယောကျာ်းတစ်ယောက်ကို မပိုင်ဆိုင်ချင်တဲ့မိန်းမရယ်လို့ မရှိပါဘူး မောင်။ ပိုင်ဆိုင်ခွင့် မရနိုင်လို့ ၊ မဖြစ်နိုင်လွန်းလို့ ၊ ကံကြမ္မာရဲ့မညှာတာမှုတို့ ကြောင့်သာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ၁၀၀ မှာ ၉၉ယောက်သောမိန်းမတွေဟာ ကိုယ့်ချစ်သူကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ မောင်စဉ်းစားကြည့်စမ်းပါ။ မိန်းမ ဆိုတာသ၀န်တိုတတ်တဲ့အမျိုးအစားလေ။ ဘယ်မိန်းမကများ ကိုယ့်ချစ်သူအခြားတစ်ယောက်နဲ့ လက်ထပ် တာကိုကြည်ဖြူနိုင်ပါ့မလဲ။ ကိုယ်မဟုတ်တဲ့ အခြားသူနဲ့  ချစ်ခင်ကြင်နာနေတာကို ရင်ဆိုင်နိုင်စွမ်းဘယ်ရှိပါ့ မလဲနော်။
       ဒါပေမဲ့လေ ကျွန်မကတော့ မောင်အခြားတစ်ယောက်နဲ့ လက်ထပ်မှာကိုကြည်ဖြူပေးနိုင်ခဲ့တယ်။ အခြားသူကိုကြင်နာမဲ့ မောင့်ကို ခွင့်လွှတ်နိုင်စွမ်းတွေရှိနေခဲ့တယ်။ အဲဒါ မောင့်ကို မချစ်လို့ မဟုတ်ပါဘူး။ ချစ်လွန်းလို့ ပါ။ မောင့်ကိုချစ်တဲ့စိတ်ကပဲ အရာရာကိုအနိုင် ယူပြီး မောင်ရဲ့ကောင်းစားရေးအတွက် အားလုံး ကို စွန့် လွှတ်နိုင်စွမ်းရှိသွားတာပါ။
လမ်းခွဲ
     သူမ မြတ်နိုးရင်ခုန်ခဲ့ဖူးသောမျက်ဝန်းတောက်တောက်တစ်စုံသည် လူအုပ်ကြားထဲတွင် တစ်စုံတစ်ရာကိုရှာဖွေနေတာမြင်ရသည်။ သူ့ မျက်ဝန်းတွင် မျှော်လင့်ခြင်းအရိပ်အယောင်တို့ဖြင့် ရွှန်းလဲ့နေသည်။ ထိုမျက်ဝန်းများကိုငေးမောကြည့်ရင်း သူမရင်မှခံစားချက်တို့ကို အပြင်သို့ မထွက်အောင်မျိုသိပ်ရတာ ပင်ပန်းလွန်းလှသည်။
     တကယ်တမ်းမှာတော့ သူရှာဖွေနေခဲ့သူမှာ သူမပင်ဖြစ်သည်။ သူ့ရဲ့မျက်ဝန်းထဲမှာ သူ့ဆီရောက်လာမည့် သူမကို မြင်ယောင်နေမှာ သံသယဖြစ်ဖွယ် မရှိပေ။ ဖြူဖွေးသော အသားအရေ၊ မြင့်မားသောအရပ်အမောင်းနှင့် ၀တ်ဆင်ထားသောအနက်ရောင် ဥရောပ၀တ်စုံ တို့က သူ့ကို လူကြားထဲမှာ ပိုမိုပေါ်လွင်စေသည်။
     စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ ခေါက်ပြန်လျှောက်နေသော သူ့ခြေလှမ်းတို့တွင် မျှော်လင့်ခြင်းအားမာန်များ ပြည့်ဖြိုးလျက်။ ထိုမျှော် လင့်ချက်တွေ မကြာခင်မှာ တစစီပြိုကွဲသွားမယ်မှန်းသိရင် ခုလို သူ နေနိုင်ပါ့မလား။ လက်ကနာရီကို တစ်ချက်ငုံ့ကြည့်မိသည်။ မိနစ်သုံး ဆယ် … ဒါဟာ သူနှင့်သူမတို့အတွက် နောက်ဆုံးအတူရှိနိုင်သည့်အချိန်လေးရယ်သာ။
     နောင်ဆိုတာဖြစ်လာတော့မှာမဟုတ်တဲ့ အနာဂတ်တစ်ခုကို သူမ စွန့်လွှတ်ခဲ့ပြီ။ သူမကိုယ်တိုင်စိတ်တိုင်းကျရွေးချယ်ခဲ့တဲ့လမ်း မှာ နှလုံးသားကိုနင်းခြေခဲ့ရတယ်ဆိုရင်တောင် မှန်ကန်စွာဆုံးဖြတ်နိုင်မှုအတွက် အမြဲတမ်းကျေနပ်နေမှာပါ။ သူမရဲ့တိုင်းပြည်အတွက်၊ သူမရဲ့ မိဘတွေအတွက်၊ နောက်ပြီး သူမကိုယ်တိုင် ပြုစုပျိုးထောင်ရမယ့် အနာဂတ်ရဲ့ ပျိုးပင်လေးတွေအတွက် သူမဘက်က အရာ အားလုံးကို စွန့်လွှတ်ခဲ့ပြီ။
ဘက်ဒေး ဗယ်လင်တိုင်း
        ဘ၀မှာပြောကြစတမ်းဆိုပါလျှင် “အိမ့်သဲပြည့်” ဆိုသော သူမသည် ရက်စွဲများကို အလေးအနက်ထားလွန်းသူ၊ သက္က ရာဇ်များ၊ ခုနှစ်များ၊ အမှတ်တရများစွာကို စွဲလမ်းတွယ်တာလွန်းသူတစ်ယောက်ဖြစ်ပြီး သူမချစ်သူကတော့ သူမနှင့်ဆန့် ကျင်စွာ ရက်စွဲများ၊ ခုနှစ်များကို သူအမြဲတွက်ချက်နေတတ်သော ငွေကြေးကိန်းဂဏန်းများလောက် စိတ်မ၀င်စား၊ တန်ဖိုးမထား တတ်သူတစ်ယောက်သာ ဖြစ်သည်။
           အချိန်ဆိုသောယန္တရား၏ ပြောင်းလဲလည်ပတ်စီးဆင်းမှုအောက်တွင် ဆယ်စုနှစ်ဆိုသောကာလတစ်ခု လွန်မြောက် သွားချိန်မှာတော့ ရက်စွဲများကိုရူးသွပ်တတ်သော သူမသည်လည်းကောင်း၊ ကိန်းဂဏန်းများကိုသာ စိတ်ဝင်စားတတ်သော သူမချစ်သူသည်လည်းကောင်း ရန်ခုန်စွဲလမ်းရူးသွပ်မှုတို့ သည် ထူးဆန်းစွာဖြင့် ပြောင်းလဲသွားတတ်ကြောင်းကို သူမကိုယ် တိုင် မျက်ဝါးထင်ထင်သိခွင့်ရခဲ့လေသည်။
                                                                    xxx